ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ မဲဆောက် မြန်မာ အလုပ်သမားများနှင့် တွေ့ဆုံ

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ မဲဆောက် မြန်မာ အလုပ်သမားများနှင့် တွေ့ဆုံ
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံး အလုပ်သမား ရေးရာ ဌာနမှ ကြီးမှူးပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာ အလုပ်သမား အဖွဲ့အစည်းများအား နံက် (၉) နာရီ အချိန်၌ မဲဆောက်မြို့ စင်ထရယ် ဟိုတယ်တွင်  တွေ့ဆုံပြီး အလုပ်သမားရေးရာ ကိစ္စများ ဆွေးနွေး ခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဦးရန်မျိုးနိုင် က ဆိုပါသည်။

ဦးကျော်ကျော်လွင်နှင့် တွေ့ဆုံမေးမြန်းစဉ် (ဓါတ်ပုံ - ယမုံနာ)

“အလုပ်သမားရေးရာ သံမှူးက ဦးကျော်ကျော်လွင်ပါ။ သူက အလုပ်သမားရေးရာနဲ့ ပါတ်သက်ပြီး အချက် (၄) ချက်ကို ဆွေးနွေး သွားပါတယ်။ ရွှေ့ပြောင်း အလုပ်သမားများ ရေးရာကိစ္စ၊ ကျန်းမာရေးပိုင်း ဆိုင်ရာ ကိစ္စ၊ လူကုန်ကူးမှု ဆိုင်ရာ ကာကွယ် စောင့်ရှောက်ရေး ကိစ္စနှင့် ပညာရေး ကိစ္စတွေ ဖြစ်ပါတယ်။” ဟု ဆိုပါသည်။

ဦးကျော်ကျော်လွင်သည် အလုပ်သမားများ၏ ကျန်းမာရေး ဆိုင်ရာ ကိစ္စများတွင် မြန်မာ သံမှူးဘက်မှ တုန့်ပြန်ခြင်း မရှိ သေးသော်လည်း တဖြည်းဖြည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုပါသည်။ထို့အတူ လူကုန်ကူးမှု ဆိုင်ရာ ကိစ္စများတွင် နားလည်မှု စာချွန်လွှာ MOU နှင့် ချုပ်ဆို ထားသဖြင့် သေချာ ပြန်လည် စီစစ်ပြီး ကိုင်တွယ် ရမှာဖြစ်ကြောင်း ဆိုပါသည်။ ဤသို့ကြောင့် မြန်မာ သံရုံးမှ အလုပ်သမား ဌာနအား အကူအညီ တောင်းသည့် အခါ ဆက်သွယ်ရရန် ဖုန်းနံပါတ်များ ဖြန့်ဝေပေးခဲ့ပါသည်။

ပညာရေး ကိစ္စများတွင် ရွေ့ပြောင်းမြန်မာ ကလေးငယ်များ မြန်မာနိုင်ငံအောင်လက်မှတ်များ တရားဝင် ရရှိရန် မြန်မာ သံရုံးတွင်း စာမေးပွဲ ဖြေဆိုမည့် ကိစ္စ မည်သည့် လမ်းကြောင်း မည်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ရမည်ကို တင်ပြ ထားသော်လည်း အသေးစိတ် ပြောကြားခြင်း မရှိသေးပေ။

အလုပ်သမား အဖွဲ့တချို့ကမူ ကလေး မွေးစားရင်းကိစ္စ နှင့် ပတ်သတ်ပြီး မည်သို့ ပူးပေါင်း လုပ်ဆောင်မည်ကို အချက် (၃) ချက်ဖြင့် တင်ပြ ဆွေးနွေးခဲ့ ပါသည်။

-       ရွေ့ပြောင်း မြန်မာ ကလေးများ နိုင်ငံသား ဖြစ်ရန် အတွက် မိဘ၏ မျိုးရိုးဗီဇ DNA ကို အခြေခံပြီး မွေးစားရင်း အတည်ပြုပေးရန် ကိစ္စ။

-       ထိုင်းနိုင်ငံတွင် မွေးဖွားပြီး မည်သည့် သက်သေခံ အထောက်အထားများ မရှိသည့် အတွက် ကျေးရွာသူကြီး၊ ရပ်ကွက်သူကြီး၊ ဆေးရုံထောက်ခံစာဖြင့် မွေးစာရင်း အတည်ပြုပေးရန် ကိစ္စ။

-       ထိုင်းနိုင်ငံမှ မွေးစားရင်း လုပ်ပေးသည့် အဖွဲ့က ထုတ်ပေးသည့် မွေးစားရင်း သက်သေခံ အထောက်အထား ပြလျှင် မြန်မာနိုင်ငံသား မွေးစာရင်း ရနိုင်မည့် ကိစ္စအား တင်ပြ ဆွေးနွေးခဲ့သော်လည်း မြန်မာ သံမှူးက အထက်သို့ ပြန်လည် တင်ပြပေးမည်ဟု ပြောကြားခဲ့ပါသည်။

ထို့အပြင် အဖမ်းခံ မြန်မာနိုင်ငံသားများ မိမိ နေရပ်သို့ ပြန်လည် ပို့ဆောင် ခံရသည့် အခါ မြဝတီ နယ်စပ် ဂိတ်များက ငွေကောက်ခံနေသည့် ကိစ္စကိုလည်း တင်ပြကြသဖြင့် အတူ ပူးပေါင်း ဆောင်ရွက်သွားရန် သဘော တူခဲ့ပါသည်။

ဤဆွေးနွေးပွဲသို့ မဲဆောက်ရှိ မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသည့် အဖွဲ့ပေါင်း (၃၇) ဖွဲ့က တက်ရောက် ခဲ့ကြပြီး စုစုပေါင်း ကိုယ်စားလှယ် (၄၀) ခန့် တက်ရောက် ခဲ့ပါသည်။ ဤျဆွေးနွေးပွဲသည် ထို်င်းနိုင်ငံရှိ မြန်မာ သံရုံးနှင့် မဲဆောက် အလုပ်သမား အဖွဲ့များ အကြား ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံမဲဆောက်တွင်မြန်မာ အလုပ်သမား လေးသိန်းကျော် ရှိပါသည်။ ထိုအလုပ်သမားများ၏ အခက်အခဲများကို မြန်မာ သံရုံးမှ သံမှူးက အမြန်ဆုံး ဖြေရှင်း ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရနှင့် ထိုင်းအလုပ်သမား ၀န်ကြီး ဌာနများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာ သံမှူးက ပြောသည်ဟု ဆိုပါသည်။

Most read this week