KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆန့်ကျင်ဖက် အမြင်ဖြင့် ဆွေးနွေးပွဲ စတင်ခဲ့

KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆန့်ကျင်ဖက် အမြင်ဖြင့် ဆွေးနွေးပွဲ စတင်ခဲ့
by -
ရွှေဟင်္သာ

ယနေ့ ကျင်းပသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့၏ ပထမရက် ဆွေးနွေးပွဲ၌ ဆွေးနွေးမှု မတင်မကျ ဖြစ်ကာ ယနေ့ မွန်းလွှဲ ၁ နာရီ အချိန်တွင် နေ့တစ်ဝက်ဖြင့် ဆွေးနွေးပွဲကို ရပ်နား လိုက်ရကြောင်း ဆွေးနွေးပွဲသို့ လေ့လာသူ တစ်ဦး အဖြစ်  တက်ရောက်  ခဲ့သူ ရှမ်းပြည်  တိုးတက်ရေး  ပါတီ  အဖွဲ့မှ ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလက ဆိုပါသည်။  

“KIO ဖက် ကတော့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲ ကိစ္စကို အရင် ဆွေးနွေးပေးဖို့ တင်ပြခဲ့သလို အစိုးရ ကိုယ်စားလှယ် ဘက်ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို အရင်ပြုလုပ်သွားဖို့  ဆွေးနွေးခဲ့တာ တွေ့ရတယ်။ အဲဒါကြောင့် အမြင် မတူတဲ့အတွက် မတင် မကျနဲ့ နေ့တစ်ဝက်လောက်မှာ ဆွေးနွေးပွဲကို ရပ်ထား ခဲ့ရပါတယ်” ဟု ဆိုပါသည်။

ဤကဲ့သို့ မတင်မကျ ဖြစ်နေသည့် အတွက် အစိုးရဘက်က အဆိုပြုထားသည့် အပစ်အခတ် ရပ်စဲရေး ကိစ္စကို ကချင် ပြည်သူများ၏ သဘောထား အတိုင်း ခံယူရမည်ဟု  KIO ဖက်က တောင်းဆို ထားပါသည်။ ထို့အပြင် လက်ရှိ ကိုယ်စားလှယ်များ မဆုံးဖြတ်နိုင်သည့် အရေးကြီးသော ကိစ္စ များကိုမူ KIO ဗဟို ဌာနချုပ်သို့ တင်ပြနိုင်ရန် အတွက် ဤတွေ့ဆုံ ဆွေးနွေးပွဲကို တစ်ရက်ခန့် ရပ်နား ထားမည် ဖြစ်ပါသည်။

အစိုးရ ဖက်ကမူ တပ်နေရာ ချထားရေး၊ ရှေ့တန်း နေရာများ စောင့်ကြည့်ရေးနှင့် စစ်ရှိန် လျှော့ချရေးကို ဆွေးနွေး ခဲ့ပါသည်။ ဤကိစ္စအတွက် KIO ကိုယ်စားလှယ်များနှင့် မနက်ဖြန်၌ သီးသန့် ဆွေးနွေးရန် အစိုးရ ကိုယ်စားလှယ်များက အဆိုပြု ထားပါသည်။

KIO တင်ပြရာတွင် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြေလည် သွားပါက အပစ်အခတ် ရပ်စဲရေးသည် အလိုလို တည်တံ့ ခိုင်မြဲ သွားမည် ဖြစ်သည်ဟု ဆိုပါသည်။ အစိုးရ ကမူ အပစ်အခတ် ရပ်စဲပြီးမှ နောက်တဆင့် နိုင်ငံရေး ကိစ္စများကို ဆွေးနွေးရန် တောင်းဆိုခဲ့ပါသည်။

KIO နှင့် အစိုးရတို့သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အစိုးရသည် အပစ်ရပ်အဖွဲ့များကို နိုင်ငံရေးအရ ပြေလည်ရန် ဆွေးနွေးခဲ့ခြင်း မရှိဘဲ ၄င်းတို့ အလိုကျ နယ်ခြားစောင့်တပ် အသွင်ကို ပြောင်းလဲရန် ဖိအားပေးခဲ့ပါသည်။ ဤဖိအားကို လက်မခံသဖြင့် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ဂတိကို ဖေါက်ဖျက်ပြီး (၂၀၁၁) ခုနှစ် ဇွန်လတွင် KIO အား စစ်ဆင် တိုက်ခိုက် လေတော့သည်။ ဤအဖြစ်မျိုး ဖြစ်မလာရန် KIOသည် နိုင်ငံရေးအရ အရင် ဆွေးနွေးရန် တောင်းဆို နေခြင်း ဖြစ်ကြောင်း KIO ဖက်က ဆိုပါသည်။

အစိုးရ ဖက်ကမူ အစီအစဉ်အရ အပစ်အခတ် ရပ်စဲရေးသည် အရင် လုပ်ဆောင် သင့်ကြောင်း၊ ပြီးမှ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေး သွားရန် ဖြစ်သည်ဟု နိုင်ငံတကာ စံနှုန်းနှင့် အညီ တင်ပြခဲ့ပါသည်။ သို့သော် KIO သည် အစိုးရ အာဘော်အပေါ် ယုံကြည်မှု နည်းပါးခြင်းကြောင့် ယခုကဲ့သို့ အမြင်မတူမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူ အဖြစ် တက်ရောက်သူများက ဆိုပါသည်။

အစိုးရ ကိုယ်စားလှယ်တို့သည် KIO အဖွဲ့၏ တောင်းဆိုချက်များကို လာမည့် ဇူလိုင်လ ပထမပတ် အတွင်း အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၊ တိုင်းရင်းသားများ တောင်းဆိုထားသည့် ဖယ်ဒရယ်မူဖြင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကိုလည်း အကောင်အထည် ဖော် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြား သွားသည်ဟု ဗိုလ်မှူးစိုင်းလက ဆိုပါသည်။

သို့သော် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ရယူထားသော အဖွဲ့များအား တမင် တိုက်ခိုက်ခြင်း၊ အကြောင်း အမျိုးမျိုးပြပြီး ရာဇသံပေး တိုက်ခိုက် နေခြင်းနှင့် နိုင်ငံရေး အရ ဆွေးနွေးမှု မရှိခြင်း တို့ကြောင့် အစိုးရ အပေါ်အယုံအကြည် နည်းနေခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ရသည်နှင့် အမြတ်ထုတ်ရေး လမ်းစဉ်ကိုသာ ဆောင်ရွက်နေပြီး တိုင်းရင်းသား အရေး ကိစ္စအပေါ်လျစ်လျူရှု ခဲ့ကြောင်း ဆိုပါသည်။

ယခုလည်း၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်မှု မရှိဘဲ တိုင်းရင်းသားများအား ဖက်ဒရယ် ပေးမည်ဟု ပြောလာပြန်ပါသည်။ လက်ရှိ ဥပဒေကို ပြင်ဆင်ရန် မရှိဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ၏ ဦးတည်ချက် (၈) ရပ်တွင် ဖေါ်ပြ ထားပြီးဖြစ်ပါသည်။ ဤအခြေအနေတွင် ဦးအောင်မင်းသည် တိုင်းရင်းသားများကို ဖက်ဒရယ် ပေးမည် ပြောနေခြင်းသည် ပိုပြီး ယုံကြည်စရာ ကင်းမဲ့နေသည်ဟု ဆွေးနွေးပွဲ လေ့လာ သူများက ဝေဖန်နေကြပါသည်။

ဤကဲ့သို့ အမြင်မတူမှု များကြောင့် KIO ကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာ များသို့ အပြန်အလှန် တင်ပြ ဆွေးနွေးနိုင်ရန် အချိန်တစ်ရက် လိုအပ်မည်ဟု တင်ပြပါသည်။ ဤသို့ကြောင့် မနက်ဖြန် မေလ (၂၉) ရက်နေ့သည် ဆွေးနွေးပွဲ မရှိဘဲ တစ်ရက် နားမည် ဖြစ်သည်ဟု ဆိုပါသည်။

ဤဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံမှူး လုရှီနှင့် သံရုံးပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ဂေါင်မင်ဘို တို့လည်း တက်ရောက် ခဲ့ပါသည်။

Most read this week