(၉) ကြိမ်မြောက် ကရင် သွေးစည်း ညီညွတ်ရေး နှီးနှော ဖလှယ်ပွဲကို ထိုင်းမြန်မာ-နယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) ဒေသ လေးဝါး စခန်း၌ ယနေ့ ကျင်းပ ခဲ့ကြောင်း နှီးနှော ဖလှယ်ပွဲကို တက်ရောက် ခဲ့သော ကိုယ်စားလှယ် တစ်ဦးက ဆိုပါသည်။

“ ဒီနှီးနှော ဖလှယ်ပွဲကို ကရင် အဖွဲ့အစည်းတိုင်း၊ ကရင် မျိုးချစ် ပုဂ္ဂိုလ်တိုင်း တက်ရောက်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီပွဲကို KNU ကဘဲ ဦးဆောင်ပါတယ်။ ကိုယ်စားလှယ်ပေါင်း တရာကျော် တက်ရောက် ပါတယ်။ အဓိက ဆွေးနွေး ကြမှာက လက်ရှိနိုင်ငံရေး အခြေအနေကို သုံးသပ်ပြီး ကရင့် အကျိုးအတွက် ဘယ်လို ရှေ့ဆက် လုပ်ဆောင် ရမလဲ ဆိုတာပါဘဲ” ဟု ဆိုပါ သည်။
နှီးနှော ဖလှယ်ပွဲသို့ ကရင် အခြေခံ လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပရှိ ကရင် ခေါင်းဆောင်များ၊ ကမ္ဘာ တစ်လွှားမှ KNU ခေါင်းဆောင်များ၊ ကရင် ဘာသာရေး အုပ်စုမှ ကိုယ်စားလှယ်များနှင့် တသီး ပုဂ္ဂလ မျိုးချစ် ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။ နှီးနှော ဖလှယ်ပွဲကို မေလ (၂၇) ရက်နေ့မှ (၃၁) ရက်နေ့ အထိ (၅) ရက်တာ ကျင်းပသွား မည်ဟု ဆိုပါသည်။
ဆွေးနွေးကြမည့် အစီစဉ်များမှာ-
(၁) ကရင် လူမျိုးများ မူလထားရှိသော ငြိမ်းချမ်းရေး ရည်ရွယ်ချက် နှင့် လက်ရှိ အခြေအနေကို သုံးသပ်ခြင်း။
(၂) KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အခြေအနေ။
(၃) လက်ရှိ ကရင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး စီမံချက် ပြသနာများ။
(၄) ကရင်ပြည်နယ်တွင်းမှ လူမှု အကူအညီများ အခြေအနေ။
(၅) ကရင်လူမှု အဖွဲ့အစည်းများအား အကူအညီပေးနိုင်မှု အခြေအနေများ ဖြစ်ပါသည်။
ဤနှီးနှော ဖလှယ်ပွဲသို့ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့် ကရင့်ငြိမ်းချမ်းကော်စီတို့လို KNU အဖွဲ့မှ ခွဲထွက်ခဲ့သော အဖွဲ့များကိုလည်း ဖိတ်ကြား ထားသည်ဟု ဆိုပါသည်။ KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားစေကာမူ ၄င်းတို့ လိုလားသော တပ်နေရာ ချထားရေး ကိစ္စ၌ ယနေ့အထိ ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိသေးပေ။ ဤသို့ ကြောင့် KNU နှင့် အစိုးရ ဆက်ဆံရေးသည် စိတ်ချ ယုံကြည်လောက်သည့် အခြေအနေတွင် မရှိသေးကြောင်းဆို ပါသည်။
ထို့အပြင် KNU အဖွဲ့မှ ခွဲထွက် ခဲ့သော ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ နှင့် နယ်ခြားစောင့်တပ်မှ ကရင် တပ်ဖွဲ့များအား မည်သို့ စုစည်း သွားရမည် ဆိုသည့် ပြသနာလည်း ရှိပါသည်။ ဤပြသနာကြောင့် အစိုးရသည်၊ ယင်း မတူညီမှုများကို အသုံးချပြီး ကရင် အချင်းချင်း သွေးခွဲ ထားနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ သွေးခွဲ ထားစေမှုကို ဤနှီးနှော ဖလှယ်ပွဲမှ ဖြေရှင်းနိုင်မည်လား ဆိုသည်မှာ စောင့်ကြည့်စရာ ဖြစ်ပါသည်။
KNU ကမူ ကရင် တစ်မျိုးသားလုံး ပြန်လည် သင့်မြတ်ရေးကို ရည်စူးပြီး အမျိုးသား သွေးစည်း ညီညွတ်ရေး နှီးနှော ဖလှယ်ပွဲကို (၉) ကြိမ်မြောက် အထိ ကျင်းပ လာခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ရင်ဆိုင်နေရသော စည်းလုံး ညီညွတ်ရေး ပြသနာများအား ကုစားနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါသည်။
ဤသို့ကြောင့် သွေးကွဲနေသော ကရင် အဖွဲ့အစည်းများကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေခဲ့ကြရကြောင်း ကရင်လူထု လူတန်းစား အဖွဲ့အစည်းများနှင့် ဘာသာရေး အုပ်စုများက ဆိုပါသည်။



