ရှမ်းပြည်နယ် နမ့်ခမ်းမြို့ပေါ်ရှိ နေဝန်းနီတအာင်း (ပလောင်) ဒုက္ခသည် စခန်းတွင် ကလေးများ ၀မ်းပျက်၊ ၀မ်းလျှော ရောဂါများ ဖြစ်ပွားနေပြီး ကုသမှု အခက်အခဲ နှင့် ရင်ဆိုင် နေရသည်ဟု ပလောင် အမျိုးသမီး အဖွဲ့မှလွေးပိုး ညိူင်းကဆိုပါသည်။
“မေလ ဒုတိယ အပတ်က စဖြစ်တယ်။ ကလေးတွေ အတော်များများ ဖြစ်နေတယ်။ သေဆုံးမှု အဆင့်ကို မရောက် ကြပေမဲ့ ကုသမှုတွေ မလုပ်နိုင်တော့ကူးစက်မှုက ပိုများလာတယ်။ ဖြစ်တာက အစားအသောက် မသန့်ဘူး။ ယင်ကောင် နားတဲ့ အစားစာ ဆိုလည်း မရှောင်ရဘူး။ စားသောက် ကြရတယ်။ ပြီးတော့ အစားအသောက်ဆိုတာ ကြာကြာ ထားလို့မရ ဘူးလေ။ ဒါပေမဲ့ သူတို့လို ဒုက္ခသည်တွေက အဲဒါတွေကို စားနေကြရတယ်။ ဒါကြောင့် ၀မ်းလျှော ကြတာပေါ့” ဟုဆို ပါသည်။
ထို့အပြင် မိုးရာသီအစ ဖြစ်ခြင်းကြောင့် ဒုက္ခသည်များ နေရသည့် အိမ်ထဲသို့ ရေများ ဝင်လာနေသဖြင့် သောက်သုံးရေ မသန့်မှုကြောင့် လည်း ဖြစ်နိုင်ပါသည်။
ယင်းနမ့်ခမ်း ဒုက္ခသည် စခန်းတွင် ဒုက္ခသည် မိသားစု ၃၇၉ စု ရှိပြီး၊ သုံးပုံ တစ်ပုံမှာ ကလေးများဖြစ်သည်။ လူဦးရေအားဖြင့် တအာင်း ဒုက္ခသည်များ ထောင်ချီ ရှိနေပြီး ရှမ်းဒုက္ခသည် များလည်း ရှိနေပါသည်။
ဆေးဝါး မလုံလောက်ခြင်း၊ အစားအသောက် မလုံလောက်ခြင်း၊ ဆေးဝန်ထမ်း အားနည်းခြင်းကြောင့် ၀မ်းလျှော ရောဂါများ ဆက်လက် ကူးစက်နေရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အစားအသောက် အတွက် ဆန်များကို ကုလသမဂ္ဂ ယူနီဆက် အစီစဉ်မှ ထောက်ပံ့ပေးနေပြီး ၊ ဟင်းလျှာအဖြစ် တစ်ရက်လျှင် တစ်ဦးကို ၂ဝဝ ကျပ်နှုန်းဖြင့် ဂရုဏာ အဖွဲ့ မှ အကူအညီ ပေးနေပါသည်။
အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်သည် ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် နမ့်ခမ်းမြို ့ရှိ ဒုက္ခသည်များ နေရပ် ပြန်ရေး ကိစ္စကို တိုက်တွန်း ခဲ့ပါသည်။
သို့သော်လည်း တအာင်း ဒေသထဲတွင် အစိုးရ တပ်အင်အား (၄၀၀၀) ခန့် စစ်ဆင်နေဆဲ ရှိသဖြင့် KIA၊ SSPP ၊ TNLA သို့မဟုတ် RCSS တပ်ဖွဲ့ များနှင့် နေ့စဉ် ရက်ဆက် တစ်ဖွဲ့ မဟုတ် တစ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေပါသည်။ ဤသို့သော အခြေ အနေမျိုး၌ စစ်ပြေး ဒုက္ခသည်များ နေရပ်ကို မပြန်ရဲကြသဖြင့် နမ့်ခမ်းမြို့ပေါ်တွင် သောင်တင် နေကြရခြင်း ဖြစ်ပါသည်။



