ထိုင်းနိုင်ငံ ဒုတိယ တာပ်ခရိုင်ဝန်သည် ရေရှည်အတွက် မျှော်ကိုးပြီး မျိုးဆက်သစ်များ ဘဝရှေ့ရေးအတွက် ဆုံးဖြတ်နိုင်ရန် နို့ဖိုး ဒုက္ခသည်များအား ရှင်းလင်း တင်ပြရန်ယနေ့ မနက် ၁၀ နာရီ အချိန်တွင် စခန်းသို့ သွားရောက် ရှင်းလင်း တင်ပြခဲ့သည်ဟု ဒုက္ခသည် စခန်း တာဝန်ခံ တစ်ဦးက ဆိုပါသည်။

“ဒုတိယ ခရိုင်ဝန် (နိုင်) ဆူဝပ်ဖုန် စဝမ်က ဦးဆောင်ပြီး ဆွေးနွေးခဲ့တာပါ။ အဓိက ကတော့ ဆန္ဒအလျှောက် နေရပ်ပြန်ကြဖို့ လာပြောကြတာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ စခန်း ဥက္ကဌနဲ့ အဖွဲ့ရယ်၊ ပညာရေး၊ ကျန်းမာရေး ဖက်က NGOs အဖွဲ့တွေရယ်၊ ပြီးတော့ UN အဖွဲ့ရယ်၊ TBC အကူအညီပေးရေး အဖွဲ့ရယ် စုစုပေါင်း (၆၀) လောက် တက်ပါတယ်။” ဟု ဆိုပါသည်။
ယင်းအစည်းအဝေးတွင် လူဦးရေ (၆၀၀၀) ခန့်သည် ပြည်ပကို ထွက်ခွာရန် ရှိပြီး လူဦးရေ (၅၀၀၀) ကျော်သည် ထိုင်းနိုင်ငံထဲတွင် အခြေချ လိုကြောင်း သဘောထား ပေးထားခဲ့ပြီး လူဦးရေ (၂၈) ဦးသာ မြန်မာပြည်သို့ပြန်လိုကြောင်း ဆန္ဒပေးထားခဲ့ သည်ဟု နို့ဖိုး စခန်း ဥက္ကဌက တင်ပြခဲ့ပါသည်။
တာပ်ခရိုင်ဝန်သည် ဒုက္ခသည် စခန်းရှိ မျိုးဆက်သစ်များ၏ ဘဝများ မနစ်နာစေရန် တစ်ခုခု ဆုံးဖြတ်သင့်ကြောင်း၊ သို့မဟုတ်ပါက မရေရာသော ဘဝဖြင့် အချိန်တွေသာ ကုန်လွန် သွားလိမ့်မည်ဟု တင်ပြ ခဲ့ပါသည်။ ဤသို့ကြောင့် နှစ်ဖက် အစိုးရများ အစီအစဉ်ဖြင့် ပြည်တော်ပြန်ရန် သင့်တော်သည်ဟု ဆွေးနွေး လိုကြောင်း တင်ပြ သွားခဲ့ပေမဲ့ ယခုအစီစဉ်သည်၊ အတင်းအကြပ် ပြန်ခိုင်းလိုခြင်း မဟုတ်ဘဲ မိမိတို့ ဆန္ဒ အရသာ ဖြစ်သင့်ကြောင်း ပြောကြား ခဲ့ပါသည်။
အလားတူ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ နေရပ် ပြန်ပို့သင့် မသင့် အခြေအနေများကို လေ့လာရန် UNHCR အပါအဝင် NGO အဖွဲ့များနှင့် ဒုက္ခသည် များကလည်း ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်ခရိုင် မယ်လ ဒုက္ခသည် စခန်း၌ စုပေါင်း ဆွေးနွေး ခဲ့ကြပါသည်။
ယင်းဆွေးနွေး ပွဲသို့ UNHCR အပါအဝင် ထိုင်းမြန်မာ နယ်စပ် ကော်မီတီ (TBC)၊ ဒုက္ခသည် စခန်း ခုနှစ်ခုမှ ကိုယ်စားလှယ်များ၊ ကရင် ဒုက္ခသည် ကော်မီတီ (KRC)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင် အမျိုးသမီး အဖွဲ့ (KWO)၊ ကရင်လူငယ် အစည်းအရုံး (KYO)၊ အပြင် CIDKP, KHRG, KESAN, KORD, KED, KTWG, KDHW, BPHWT, KIC, KDN, KWAG, KAC, CCSDPT လူမှု အဖွဲ့တို့ တက်ရောက်ကြပါသည်။
ယင်းဆွေးနွေး ပွဲ၌လည်း နေရပ် ပြန်ပို့သင့် မသင့် အခြေအနေများကို တင်ပြရာတွင် ပြန်ပို့ရန် လိုအပ်သည့် အခြေအနေများ မရှိသေးကြောင်း ဆိုပါသည်။ အထူးသဖြင့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့များနှင့် အစိုးရတပ်များ အချိန်မရွေး တိုက်ပွဲ ပြန်လည် ဖြစ်ပွား လာနိုင်ကြောင်း၊ ထို့အပြင် မြေမြုပ်မိုင်း အန္တရာယ်လည်း ရှိနေဆဲဖြစ်ပြီး ပြန်ပို့ ခံရသူများအတွက် စောင့်ရှောက်ရေး အစီအစဉ်များ အဆင်သင့် မရှိသေးသဖြင့် ပြန်ပို့ရန် မသင့်သေးဟု ဆုံးဖြတ်ကြပါသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ဒုက္ခသည် စခန်း (၉) ခု ရှိကြောင်း၊ လူဦးရေ အားဖြင့် တစ်သိန်းခွဲခန့် ရှိမည်ဟု NGO အဖွဲ့များက စာရင်းကောက်ယူ ထားခဲ့ပါသည်။ ဤဒုက္ခသည်များအား ပြန်ပို့ရန် UNHCR အပါအဝင် ထိုင်းနိုင်ငံနှင့် မြန်မာ အစိုးရတို့က သဘောတူ ထားခဲ့ပါသည်။ ဤသို့ကြောင့် အစိုးရသည် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စ ဆွေးနွေးသည့် အခါ ဒုက္ခသည်များ ပြန်ပို့ရေး အစီစဉ်လည်း သဘောတူ ထားခဲ့ပါသည်။
သဘောတူ ထားချက် အရ ထိုင်းနိုင်ငံရောက် ကရင် ဒုက္ခသည်များကိုမူ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရား သုံးဆူမြို ့နယ်ခွဲတွင် တနေရာ၊ မြဝတီမြို့နယ် ဆုံစည်းမြိုင် ဒေသ၌ တနေရာနှင့် လှိုင်းဘွဲမြို့နယ်တွင် တနေရာ ပြန်လည် အခြေချရန် ရှိပါသည်။
နောက်ဆုံး အခြေအနေ အရ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်သည် လောလောဆယ်၌ မဖြစ်နိုင်သေးကြောင်း KNU အစည်း အရုံးက ဆိုပါသည်။



