ကရင် အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးကြီးသော စခန်းဆင့် (၃) ရပ်၌ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေး ဒုတိယ ဝန်ကြီးMr. Torgeir Larsen နှင့် ခေတ္တ တွေ့ဆုံစဉ် ပြောကြား ခဲ့သည်ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ဆိုပါသည်။

“ အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ အရေးကြီးတဲ့ အခက်အခဲ (၃) ခု ရှိနေတယ်။ အဓိက ကတော့ အပစ် အခတ် ရပ်စဲတဲ့နေရာမှာ Code of ethic (ကျင့်ဝတ်) တွေ ရှိရမယ်။ ပြီးတော့ အပစ်ရပ်တဲ့ နေရာမှာ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုတယ်။ ဒီတော့ တပ်နေရာတွေ ပြန်ချဖို့ လိုအပ်တယ်။ ပြီးတော့ တခါ အပစ်လည်း ရပ်လိုက်ရော အဲဒီ အပစ်ရပ်တဲ့ ဒေသမှာ မြေသိမ်းမှုတွေ တခါထဲ ဖြစ်လာတော့ တာပါဘဲ။ ဒါကို အစိုးရနဲ့ ဆွေးနွေးတဲ့နေ ရာမှာ အဲဒီ အခက်အခဲတွေ ရှိနေဆဲလို့ နော်ဝေး အဖွဲ့ကို ကျနော် တင်ပြလိုက်တယ်” ဟု ဆိုပါသည်။
KNU သည် အစိုးရနှင့် တနှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲလာခဲ့သည့် အလျှှောက် ရေရှည် အပစ်အခတ် ရပ်စဲရေးကို မျှော်မှန်းတဲ့ အကြောင်း၊ အထူးသဖြင့် စစ်ရေး ကိစ္စများ၌ ယုံကြည်မှုများ မတည်ဆောက်နိုင်မှီ အပစ်ရပ်ဒေသက မြေယာ သိမ်းဆည်းမှု ကိစ္စများ ထပ်မံ ဖြစ်ပေါ်လာ သဖြင့်နှစ်ဖက်ဆက်ဆံရေးအား အဆိုးဖက်ကို တွန်းအားပေးစေသလို ဖြစ်ပွားလာနေကြောင်း နော်ဝေးအဖွဲ့အား တင်ပြခဲ့ပါသည်။ ဤသို့ကြောင့် ယင်းပြသနာများအား နော်ဝေးဖက်မှ ကြားဝင်ပြီး ၀ိုင်းဝန်း ဖြေရှင်းပေးနိုင်ရန် အကူအညီ ပေးသင့့်ကြောင်း ဆိုပါသည်။
ဤကဲ့သို့ တင်ပြလိုက်သဖြင့် နော်ဝေးနိုင်ငံခြားရေးဒုတိယ ဝန်ကြီးသည် KNU ၏ တင်ပြချက်အပေါ် မြန်မာ အစိုးရအား ဆက်လက်တင်ပြ ဆွေးနွေးသွားမည်ဟု ဆိုပါသည်။ ထို့အပြင် မြန်မာ့ ငြိမ်းချမ်းရေး ကိစ္စအတွက် အထောက်အကူ ဖြစ်စေသော စီမံကိန်းများကိုလည်း ဆက်လက် လည်ပတ် သွားနိုင်စေရန် ဆက်လက် အကူအညီ ပေးသွားမည် ဖြစ်သည်ဟု ဆိုသွားပါသည်။
အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေး ၀မ်းကြောင်း ပညာရပ်များနှင့် လူသားများ၏ စွမ်းရည်မြုင့်တင်မှုများ၌ ဆက်လက် ထောက်ပံ့ ကူညီမည်ဟု ဆိုပါသည်။
နော်ဝေး နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ်ကြီးနှင့် နော်ဝေး နိုင်ငံဒုက္ခသည် ဆိုင်ရာ ကောင်စီ (Nor- wegian Refugee Council-NRC) တို့လည်း ပါလာခဲ့ပါသည်။
KNU အဖွဲ့သည် နော်ဝေးနိုင်ငံခြားရေး ဒုတိယ ဝန်ကြီးနှင့် အဖွဲ့အား ပြီးခဲ့သည့် မေလ (၁၄) ရက်တွင် ကရင်ပြည်နယ် ဖါးအံမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းတွေ့ဆုံမှုတွင် KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း ခေါင်းဆောင်ပြီး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ၊ တပ်မဟာ (၃) မှူးနှင့် ဗဟို ကော်မီတီဝင် တစ်ဦး တို့က ပါ၀င်ဆွေးနွေး ခဲ့ပါသည်။
နော်ဝေးနိုင်ငံခြားရေး ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည် ၄င်းတို့ အကူအညီ ပေးရန်ရှိသော OSS စနစ်ဖြင့် ဒေသခံ ကရင်ပြည်သူ များအား အခမဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ထုတ်ပေးရန် အစိုးရ ကိုယ်စားလှယ်နှင့် သဘောတူ စာချုပ် ချုပ်ဆို ခဲ့ပါသည်။ ယင်းစာချုပ်ကို မေလ (၁၅) ရက်နေ့ နံက်ပိုင်းတွင် နော်ဝေး ဒုက္ခသည် ဆိုင်ရာ ကောင်စီ (Nor- wegian Refugee Council-NRC) နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနတို့က ကရင်ပြည်နယ် ပိုင်ကျုံမြို့ နယ်ခွဲ နောင်ဘိုကြီးကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ချုပ်ဆိုခဲ့ပါသည်။
ယင်းအခမ်းအနားတွင် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီက ဝေးလံ ခေါင်သီသော ကရင်ဒေသများသို့ လာရောက် အကူအညီ ပေးခဲ့သော နော်ဝေးနိုင်ငံနှင့် သက်ဆိုင်ရာ လူကြီးမင်းများအား ကရင်ပြည်သူ ကိုယ်စားကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့ပါသည်။
ထို့အတူ နော်ဝေးနို်င်ငံမှ Country Director Mr.Christopher Bleers ကလည်း သဘောတူ စာချုပ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ပါသည်။ နော်ဝေးအစိုးရ၏ အခမဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း အစီအစဉ်သည် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ တောနယ်များပါ သက်ရောက် သည်ဟု ဆိုပါ သည်။



