သိမ်းဆည်းခံ မြေယာများ ပြန်ရရေး အစိုးရထံ ပိုမို တင်ပြသွားမည်

သိမ်းဆည်းခံ မြေယာများ ပြန်ရရေး အစိုးရထံ ပိုမို တင်ပြသွားမည်
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံနဲ့ အဝှမ်း မြေယာ သိမ်းဆည်းမှုနှင့် ပတ်သက်၍ စုဆောင်း ထားသည့် အချက်အလက် များထဲမှ ဖြေရှင်းမှု မပြုလုပ် သေးသည့် အချက်အလက်များ၊ အထက် ညွှန်ကြား ချက်အား ဖောက်ပြန်ပြီး မဖြေရှင်း ပေးသည့် မှတ်တမ်း အချက်အလက် များအား သမ္မတထံနှင့် သက်ဆိုင်ရာ မြေယာ ကော်မရှင်သို့ တင်ပြ သွားမည်ဟု မတူ ကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌက ပြောသည်။

အငြင်းပွား လယ်ယာမြေပေါ် စုံစမ်းစစ်ဆေးရေး ကော်မီရှင် ဆုံးဖြတ်မှု စောင့်ဆိုင်းရန် သတိပေးထားပုံ (ဓါတ်ပုံ - နေမျိုးဝေ)

“အခု သွားပြီး တင်ပြမယ့် အချက်အလက် တွေက ဖြေရှင်းမှု မလုပ်တဲ့ နေရာတွေ၊ အပေါ်က နေပြီးတော့ ဒီလို ဖြေရှင်း ပါလို့ ပြောတဲ့ ညွှန်ကြား ချက်ကို ဖောက်ပြန် ပြီးတော့ မဖြေရှင်း သေးတဲ့ နေရာတွေကို ကျွန်တော် မှတ်တမ်း ပြန်တင် ထားတာကို နေပြည်တော် သွားပြီး တင်ပြ မလို့ပါ” ဟု ဦးနေမျိုးဝေမှ ပြောသည်။

သို့သော်လည်း လက်ရှိ၌ သမ္မတ ဦးသိန်းစိန် အမေရိကန် ခရီးစဉ် သွားရောက် နေသည့် အချိန်နှင့် ကြံုကြိုက် နေသဖြင့် သမ္မတရုံး ဝန်ကြီး များမှ တဆင့် သမ္မတ ထံသို့ တင်ပြ သွားရန် စီစဉ် ထားကြောင်း ဆိုပါသည်။

မြေယာ သိမ်းဆည်းမှုနှင့် ပတ်သက်၍ မိမိတို့ ပြုစု ထားသည့် ဒေသ တစ်ခုလျှင် စာမျက်နှာ (၅၀) ခန့် ရှိသည့် မှတ်တမ်းရှည် များကိုမူ သမ္မတ ရုံးအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် မြေယာ ကော်မရှင် တို့အား ပေးအပ် ထားပြီး ဖြစ်သည်ဟု ၄င်းမှ ဆိုပါသည်။

ယခု သွားရောက် တင်ပြမည့် အချက်အလက် များမှာမူ ၄င်းစုဆောင်း မှတ်တမ်း များထဲမှ ဖြေရှင်းမှု မပြုလုပ် ရသည့် နေရာ များကိုသာ အဓိက ပြုစု ထားသည် ဖြစ်၍ ဒေသ တစ်ခုလျှင် စာမျက်နှာ တစ်မျက်နှာ ခန့်သာ ပါဝင် သည်ဟု သိရှိရသည်။

အကြီးစား လုပ်ငန်း လုပ်ဆောင်မှုမှ အစ အောက်ခြေ အဆင့် ဝန်ထမ်း များအထိ မြေယာ ကိစ္စနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု ရှိစွာ ဆောင်ရွက် ကြခြင်း မရှိကြပဲ လေလံတင် ရောင်းချ သင့်သည့် မြေကွက်များအား လေလံ မတင်ပဲ တိုက်ရိုက် လုပ်ကိုင်ခွင့် ပေးခြင်း၊ အောက်ခြေ မြေတိုင်း စာရေး များမှလည်း အထက်မှ မြေယာ ပေါ်လစီနှင့် ပတ်သက်၍ မလုပ်ဆောင်ပဲ အမျိုးမျိုး လိမ်လည် ဖော်ပြ နေမှုများ ရှိကြောင်းလည်း ဦးနေမျိုးဝေမှ ဆိုပါသည်။

ပြီးခဲ့သည့် စစ်အစိုးရ ခေတ်၌လည်း အထက် ညွှန်ကြားချက် များထက် ကျော်လွန်၍ သိမ်းဆည်း ထားသည် များလည်း ရှိပြီး စာရင်းပေါက် သိမ်း ဆည်း အရေ အတွက်နှင့် တစ်ကယ့် သိမ်းဆည့် ထားသည့် အရေ အတွက်နှင့် ကိုက်ညီမှု မရှိသည့် အနေ အထားမျိုးလည်း တွေ့ရကြောင်း ဆိုပါသည်။

“တစ်ချို့တွေက ကျွှန်တော်တို့ ဒီလို လုပ်နေ ကိုင်နေတာ ကြားလို့ နောက်ဆုတ် သွားတယ်၊ မြေပြန် အပ်တယ်၊ တစ်ချို့က အမှု အခင်းတွေ မလုပ် တော့ဘူး၊ ကျူးကျော် ဝင်ရောက် မှုတွေ မလုပ် တော့ဘူး ရပ်သွားတယ်၊ တစ်ချို့ တွေမှာ တပ်က ကိုယ်တိုင် ခေါ်ပြီး လယ်ယာ မြေကို ပြန်အပ် လိုက်တာမျိုးတွေ ရှိတယ်” ဟု ဦးနေမျိုးဝေမှ ပြောသည်။

ထို့ပြင် အခြား အောင်မြင်မှု ရသည့် အပိုင်း များမှာ လယ်မြေများ အပေါ် နှစ်ဖက် လုပ်ကိုင်ခွင့် မလုပ်ရ ဆိုသည့် ဆိုင်းငံမိန့်၊ တစ်ချို့ နေရာ၌ လုပ်ငန်းရှင် များအား ဆောက်လုပ်ခွင့် မပေးပဲ လယ်သမား များအား လယ်စိုက်ခွင့် ပေးခြင်းများ စသည့် အောင်မြင်မှု ရခဲ့သည့် အပိုင်းများလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် လယ်သမားများ မိမိတို့ လယ်ယာမြေ များပေါ်မှ မောင်းထုတ် မခံရပဲ နေထိုင်ခွင့် ရရှိ နေသည့် အခြေအနေ ဖြစ်သော်လည်း သိမ်းဆည်းခံ လယ်ယာမြေ များအား လျော်ကြေး ပေးသည့် အပိုင်း၌မူ အစိတ်အပိုင်းငယ် များအား ဖဲ့၍ လျော်ကြေး ပေးသည့် အခြေ အနေသာ ရှိ၍ လုံးကျွှတ် လျော်ကြေး ပေးမှုများ နည်းပါးနေသေး သည်ဟု ဆိုပါသည်။

မိမိတို့၏ ကြိုးစား တင်ပြမှုကြောင့် မြေယာများ ပြန်ရသည့် လယ်များမှာ ဧက သုံးလေးသောင်း ကျော်သာ ရှိသော်လည်း မိမိတို့ စုဆောင်း တင်ပြသည့် အချက်အလက်နှင့် လက်ရှိ အနေ အထား များအား ဆက်စပ် ကြည့်မှု အရ အောင်မြင်မှု (၈၀) ရာခိုင်နှုန်း ရရှိနေပြီ ဖြစ်ကြောင်း ဦးနေမျိုးဝေမှ သုံးသပ်ပြောကြားခဲ့သည်။

ဦးသိန်းစိန် အစိုးရမှလည်း သိမ်းဆည်း လယ်မြေအား ပြန်ပေး နိုင်ရေးနှင့် ပတ်သက်၍ လယ်ယာမြေ စုံစမ်းရေး ကော်မီရှင် တစ်ရပ် ဖွဲ့စည်း ထားပေး ပြီးလည်း ဖြစ်သည်။

တစ်နိုင်လုံး အတိုင်းအတာဖြင့် စစ်တပ်မှအကြောင်း အမျိုးမျိုးပြ၍ သိမ်းယူ ထားသော မြေဧက ၂ သိန်းခွဲ နီးပါး (ဧကပေါင်း ၂၄၇၀၇၇. ၆၀) ရှိကြောင်း လယ်ယာမြေ စုံစမ်းရေး ကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့တင်ပြသော အစီရင်ခံစာ တစ်ရပ်တွင်ဖော်ပြထားပါသည်။

Most read this week