ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့၏ ဆွေးနွေးပွဲ သဘော တူညီချက် အရ စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်ခွင့် ပေးလိုက်ပြီဖြစ်သော်လည်း ဒေသတွင်း၌ စိတ်ချနို်င် လောက်သည့် အခြေအနေများ မရှိသေးကြောင်း တန့်ယန်း ဒုက္ခသည် ကိုယ်စား မြို ့နယ် အဆင့် တအာင်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု အသင်းဝင် တစ်ဦးက ဆိုပါသည်။
“ မေလ ၁၁ ရက်နေ့က အစိုးရကိုယ်စားလှယ်နဲ့ SSPP တွေ့ကြပြီး ဒီတန့်ယန်းမြို့ အောင်မင်္ဂလာ ကျောင်းတိုက် မှာ ရှိနေတဲ့ တအာင်း ဒုက္ခသည်တွေကို လာရောက် တွေ့ဆုံတယ်။ တိုက်ပွဲတွေ မရှိတော့ဘူး နေရပ် ပြန်ကြဖို့ ပြောသွားပါတယ်။ ဆန်ခွဲတမ်းတွေ ပေးပြီး ပြန်လွှတ်လိုက် ရပေမဲ့ ပြန်သူတို့ အတွက် ကတော့ လုံခြံုမှု အပြည့် အဝ မရှိသေးဘူး ” ဟု ဆိုပါသည်။

SSPP နှင့် အစိုးရ ကိုယ်စားလှယ် တို့သည် ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့၌ တန့်ယန်းမြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲမှ တန့်ယန်းမြို့၌ ပလောင် ဒုက္ခသည် (၆၀၀) ခန့် ရှိသည်ဟု အစိုးရ ဖက်မှ ပြောကြား ခဲ့ပါသည်။ သို့သော် တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA ကမူ ပလောင် ဒေသ၌ စစ်ပြေး ဒုက္ခသည် ပေါင်း (၃၀၀၀) ခန့် ရှိလိမ့်မည်ဟု ခန့်မှန်း ထားပါသည်။
မေလ ၁၂ ရက်နေ့တွင် SSPP/SSA မှ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက တန့်ယန်းမြို့ပေါ်ရှိ စစ်ပြေး ဒုက္ခ သည်များအတွက် ဆန်အိတ် (၁၀၀၀) သွားရောက် လှူဒါန်းခဲ့သည်ဟု ဦးမောင်ကိုက ဆိုပါသည်။ ထို့အပြင် “လက်ရှိ ပစ်ခတ်နေမှုများကို ရပ်ဆိုင်းရန် အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သောကြောင့် နေရပ်သို့ ပြန်နိုင်ပြီ ဖြစ်ကြောင်း” ဗိုလ်မှူး စိုင်းလမှ ပြောဆို ခဲ့သည်ဟု ဆိုပါသည်။
“တဖက်နဲ့ တဖက် တိုက်ပွဲတွေ မဖြစ်တော့ဘူး ပြောနေပေမဲ့ စိတ်ချ လောက်တဲ့ အခြေအနေမှာ မရှိသေးဘူး။ လက်တွေ့ မြင်နေရတာက ကချင်ပြည်နယ်မှာ ရှိတဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေကို မြန်မာ အစိုးရဘက်က တိုက်ပွဲတွေ မရှိတော့ဘူ ပြန်လို့ ရပြီး ခဏခဏ ပြောနေတယ်။ ယခုချိန် အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်း ဆိုတော့ ဒုက္ခသည် အတွက်လဲ အဆင်ပြေ လိမ့််မယ်လို့ မထင်ဘူးဗျ။” ဟု ဆိုပါသည်။
တအာင်း (ပလောင်) ဒေသတွင် အစိုးရတပ်မှ အင်အား (၄၀၀၀) ခန့် ရှိပြီး၊ ရှမ်းပြည် မြောက်ပိုင်းရှိ KIA ၊ TNLA နှင့် SSPP တို့အား ထိုးစစ်ဆင်နေ ပါသည်။ ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ တွင်လည်း ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့အား လွယ်လန်း လွယ်စေး တောင်တန်းမှ ဆုတ်ခွာပေးရန် ရာဇသံပေး တိုက်ခိုက် မှုကြောင့် စစ်ပြေး ဒုက္ခသည်များစွာ နေရပ် စွန့်ခွာ ခဲ့ကြပါသည်။
ဒုက္ခသည်များအား နေရပ်ပြန်ခိုင်းနေသော်လည်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) ဒေသနှင့် လွယ်လန်း လွယ်စေး ဒေသတို့၌ အစိုးရ တပ်အင်အား အလုံးအရင်း ရှိနေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ဖွယ်ရာ ရှိနေသည်ဟု ဒေသခံများက ဆိုနေပါသည်။
အကယ်၍ အစိုးရ ဧည့်တပ်များ ယင်းဒေသမှ ဆုတ်ခွာပေးပါက ဒုက္ခသည်များ စိတ်ချလက်ချ နေရပ်ပြန် နိုင်ဖွယ်ရှိကြောင်း၊ ဒေသခံများသည် အိုးအိမ် စီးပွားများ စွန့်ပြီး အသက်ရှင်သန်ရေးအတွက် မလွှဲမရှောင်သာ ထွက်ပြေး ခဲ့ကြရသဖြင့် နေရပ်ပြန်ချင်နေကြကြောင်း ဒေခံများက ဆိုပါသည်။
သတ်ဖြတ်မှု၊ မုဒိန်းမှု၊ နှိပ်စက်မှု များကို အစိုးရ တပ်ဖွဲ့ ကကျူးလွန်နေခဲ့ပြီး တိုင်းရင်းသားနယ်မြေအတွင်းသို့ တပ်အင်အား အလုံးအရင်းဖြင့် စစ်ဆင်လာသည်မှာ ဒေသခံများ၏ အသက် အိုးအိမ် စည်းစိမ်များကို ခြိမ်းခြောက်နေခြင်းသာ ဖြစ်နေကြောင်းဒေသခံများကဆိုပါသည်။
စစ်ကြောင့်ထွက်ပြေးနေရသော ဒေသခံလူထုကို အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများက ကူညီထောက်ပ့ံ မှုများပေးနေပါသည်။
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ရောက် စစ်ပြေး ဒုက္ခသည်များကိုမူ ၀ုန်း မေတ္တာ (မေတ္တာ စက်ဝိုင်း) အမည်ရှိ ရှမ်းလူမှု အဖွဲ့ အစည်း တစ်ခုမှ စခန်း ဖွဲ့ပြီး တာဝန်ယူ လက်ခံ နေရာချ ပေးကာ ပြုစုစောင့်ရှောက် နေပါသည်။



