ကျေးရွာများ မီးလင်းရေး ကျပ်သန်းပေါင်း တသောင်းလေးထောင်ကျော် ကုန်ကျနိုင်

ကျေးရွာများ မီးလင်းရေး ကျပ်သန်းပေါင်း တသောင်းလေးထောင်ကျော် ကုန်ကျနိုင်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား (ကရင်နီ)ပြည် အတွင်းရှိကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ငွေကျပ်သန်းပေါင်း တသောင်းလေးထောင်ကျော် ကုန်ကျနိုင်ကြောင်း ကယားပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

"ကျနော်တို့ကယားပြည်နယ် တပြည်နယ်လုံးအတိုင်းအတာဆိုရင် ဒီကျေးရွာတွေကို ဓါတ်အားတွေ ပေးနိုင်ဖို့အတွက် ကျပ်သန်းပေါင်း ၁၄၆၇၇.၇၅ သန်း ဖြစ်ပါတယ်။”  

မတ်လ ၁၆ ရက်နေ့ လွိုင်ကော်မြို့ မြို့တော်ခန်းမတွင်း၌ လွိုင်ကော်ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောသွားတာ ဖြစ်ပါတယ်။

ကျေးရွာပေါင်း ၅၁၁ ရွာရှိသည့်အနက်၊ ဓါတ်အားလိုင်း မီးရသည့်ရွာမှာ ၅၃ ရွာဖြစ်ရှိပြီး ဒီဇယ်စက်ဖြင့် မီးရသည့်ရွာမှာ ၄၉ ရွာရှိကြောင်း သိရပါတယ်။ မီးမရသေးတဲ့ ကျေးရွာတွေကတော့ စုစုပေါင်း ၄၀၉ ရွာ ရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ ခြံုကြည့်မယ်ဆိုရင် ကယားပြည်နယ် လျှပ်စစ်မီးမရတဲ့ကျေးရွာက ၄၀၉ ရွာ ကျန်နေ ပါတယ်ဆိုတာ ကျနော်တို့ စစ်ဆေးတွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့  ရှေ့ဆက်ပြီးမှ ဓါတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ ကျနော်တို့ စီမံချက်ရေးဆွဲပြီးမှ ဘတ်ဂျတ်အလိုက် ဆွဲထားတာရှိပါတယ်။"

လက်ရှိကယား(ကရင်နီ) ပြည်နယ်အတွင်းမှာ လျှပ်စစ်မီး မရသေးတဲ့ ကျေးရွာများစွာ ကျန်ရှိ နေသေးတဲ့အပြင် လျှပ်စစ်စွမ်းအင် မလုံလောက်မှုကြောင့် ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့တွေမှာ အလှည့်ကျ မီးပေးတဲ့ စနစ်နဲ့ ကြံုတွေ့နေ ရပါတယ်။

ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက “ဓါတ်အားခွဲရုံတွေဟာ သတ်မှတ်ထားတဲ့ ၀ပ်တွေကို မနိုင်တော့တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က လောလောဆယ်ပြမယ်ဆိုရင် ဒီးမော့ဆို မြို့နယ်နဲ့ ဖရူဆိုမြို့နယ်ဆိုရင် ဓါတ်အား အလှည့်ကျပေးနေရတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့သုံးနေသလောက် ပေး မယ်ဆိုရင် လိုင်းကပြုတ်ပြုတ်သွားတယ်။ ဒါကြောင့်သူတို့ကို အလှည့်ကျပေးနေတဲ့ အတွက်ကြောင့်လည်း အခက်အခဲရှိပါတယ်။” လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ်မှ ဒေသခံ မိဘတဦးကတော့ “မီးက ကျနော်တို့ အလင်းရောင်ပေးဖို့အတွက် ကျနော်တို့ သွားလာဖို့အတွက်ပဲ။ အဲဒါတောင်မပေးနိုင်ဘူးဆိုတော့ မဟုတ်တော့ဘူး။ အခု ကလေးတွေ စာကြည့် နေတယ်။ “ပတ်”ကနဲ့ ပိတ်သွားရင် ဖယောင်းတိုင် ယူပြီး ထွန်းရတယ်။ ဖယောင်းတိုင်ဖိုးလည်း ကုန်တယ်။ မီတာခလည်းသူ့ဟာသူ တက်နေတယ်။ စိတ်လည်း မရှည်ချင်တော့ဘူး။ ကျနော်တို့ ကယားပြည်နယ်က လောပိတစက်ရုံတခုလုံးရှိတာ မီးမရတော့ မဟုတ်တော့ဘူး” လို့ ပြောဆိုပါတယ်။

ကယားပြည်နယ်အတွင်း မြို့နယ်တွေကို လက်ရှိ ပေးဝေနေသော ဓါတ်အားခွဲရုံတွေမှာ ၀ပ်အား လုံလောက်စွာ မထုတ်လုပ်ပေးနိုင်တော့တဲ့အတွက် လျှပ်စစ်ဓါတ်အားခွဲစက်အသစ် တပ်ဆင်ကာ ယခင်ပေးဝေမှုထက် ၂ ဆ တိုးမြင့်ပေး လာနိုင်မယ်လို့လည်း သိရပါတယ်။

ကယားပြည်နယ်မှာ မြို့နယ် ရ မြို့နယ်နဲ့  မြို့နယ်ခွဲ ၁ ခုရှိပြီး ကျေးရွာပေါင်း ၅၁၁ ရွာ ရှိတယ်ဆိုပေမယ့် လောပိတ ရေအားလျှပ်စစ်စက်ရုံက ယခုချိန်ထိ လုံလုံလောက်လောက် မရရှိသေးပါ။ သို့သော် ပြည်နယ်မှ ထွက်သည့် လျှပ်စစ်စွမ်းအင်ကိုမူ မြန်မာနိုင်ငံ မြောက်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်း များသို့ ဖြန့်ဝေပေးလျက်ရှိတယ်လို့ သိရပါတယ်။

Most read this week