အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်နေမှုတွေနဲ့ ပတ်သက်လို့ လူထုတွေ ကြံုတွေ့ နေကြရတဲ့ ဒုက္ခတွေ၊ ပြဿနာတွေ၊ တောင်းဆိုချက်တွေကို နိုင်ငံတော် သမ္မတနှင့် ပြည်နယ်အစိုးရထံ တင်ပြထား သော်လည်း တောင်းဆိုထားချက်တွေနဲ့ ပတ်သက်လို့ ယခုအချိန်ထိ ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တွေ မပေးသေးဘူးလို့ ဆရာသဲရယ်က ပြောပါတယ်။
"ကျနော်တို့ရဲ့ လူထုတွေကို ခံစားနေရတဲ့ ဒုက္ခတွေကို ကြံုတွေ့နေရတဲ့ ပြဿနာတွေကို အရင်ကတည်းက တင်ပြပြီးဖြစ်တယ်။ အခုလည်း တကယ်တွေ့ကြံုနေရတယ်။ တင်ပြထားတဲ့ အချက်အလက် အားလုံးထဲမှာ လည်း ဖြစ်ပျက်နေတဲ့ ပြဿနာတွေပါ ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အစိုးရက ကျနော်တို့ ပြည်သူတွေ ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တွေမပေးဘူး" လို့ ပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ၎င်းစစ်ရေးလေ့ကျင့်ကျောင်းနဲ့ ပတ်သက်လို့ လူထုတွေကနေ တင်ပြထား တာတွေ လက်ခံရရှိတယ်လို့ ပြောပါတယ်။
သို့ပေမယ့်လို့ အမှတ် ၁၄ လေ့ကျင့်ရေးတပ်ကိစ္စဟာ ပြည်နယ်အဆင့်တွင် ဖြေရှင်းလို့မရကြောင်း ပြည်ထောင်စုအဆင့်မှာ သာလျှင် ဖြေရှင်းရမှာဖြစ်ကြောင်း ပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ)ဘူးရယ်က "ကျနော့်ရဲ့ ဝန်ကြီးချုပ်လုပ်ပိုင်ခွင့်သည် ဟိုဘက်မှာ ရောက်နေတယ်။ ကျနော့်လက်ထဲမှာမရှိဘူး ကျနော့်လက်ထဲမှာ ရှိရင် အခု ကျနော် မျက်စိတမှိတ်အတွင်း ရှင်းပြလို့ရတယ်" လို့ပြောပါတယ်။
မတ်လ ၁၅ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဖရူဆိုမြို့နယ် အမှတ် ၁၄ စစ်ရေးလေ့ကျင့် ရေးကျောင်း တည်ဆောက်နေတဲ့ ဒေသဘက်မှ ကျေးရွာကိုယ်စားလှယ်တွေ ပြည်နယ်အစိုးရရုံးမှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြစဉ်အချိန်က ပြောဆိုသွားကြတာ ဖြစ်ပါတယ်။
၎င်းကိစ္စရပ်တွေနဲ့ပတ်သက်လို့လည်း ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရ တို့ နောက်တကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ထပ်မံဆွေးနွေးသွားဖို့ ရှိပါတယ်လို့ ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
"ကာကွယ်ရေးနဲ့ လုံခြံုရေးကော်မတီကနေပြီး ဒီကိစ္စကိုသူတို့ဆွေးနွေးမယ်။ ပြီးရင် ဒီငြိမ်းချမ်းရေးအဖွဲ့ KNPP နဲ့ ပြန်လည်ဆွေးနွေးဖို့ အကြမ်းဖျင်းတော့ သိရတယ်။ အခုလာမည့် ဆွေးနွေးပွဲမှာ KNPP နဲ့ ပြန်တွေ့မယ်။ မတင်လဲမပြီးတဲ့ ဇတ်လမ်းတပုဒ်ပဲ ဒါက ဆက်ပြောရအုံးမှာပဲ ဒီကိစ္စမပြောဘူးလို့ မပူနဲ့ ပြောမှာပဲ" လို့ ပြောပါတယ်။



