UN မှတ်တမ်းအရ ကလေးအခွင့်အရေး ချိုးဖောက်တဲ့ထဲမှာ ကရင်နီအဖွဲ့ ပါ၀င်နေပေမဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးတဲ့နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခနဲ့ ပါတ်သက်လို့ ကလေးအခွင့်အရေး ချိုးဖောက်မှု မတွေ့ရကြောင်း Geneva ကဆိုပါတယ်။
ဂျီနီဗာ တောင်းဆိုမှု အဖွဲ့ (Geneva Call) ရဲ့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့အပြီး ယခုလက်ရှိ အချိန်ထိ KNPP အနေနဲ့ မည်သည့် ချိုးဖောက်မှု တစုံတရာမှ မတွေ့ရသေးဘူးလို့ (Geneva Call ) ကနေပြောဆို လိုက်ပါတယ်။

“UN ရဲ့ မှတ်တမ်း အရ KNPP (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ)ဟာ ကလေးအခွင့်အရေး ချိုးဖောက်တဲ့ သူတွေထဲမှာ ထိပ်က ပါဝင်နေတယ် ဆိုပေမယ့်လည်း သူတို့ (KNPP) အဖွဲ့ နားလည်မှု စာချွန်လွှာ ကို လက်မှတ်ရေးထိုး ခဲ့ပြီးကတည်းက ဆိုရင်တော့ အခုထိ ကျတော်တို့ အနေနဲ့ ဒီချိုးဖောက်မှု တစုံတရာကိုတော့မတွေ့ရှိ ရသေးပါဘူး” လို့ Geneva Call မှ Programme Officer ဖြစ်တဲ့ Reno Meyer ကပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခ များ၏ သက်ရောက်မှုများ ခံစားရသော ကလေးငယ်များအား ကာကွယ်ရေးနဲ့ ပတ်သက်ပြီး Geneva Call (ဂျီနီဗာ တောင်းဆိုမှု အဖွဲ့) က မတ်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသမှာ KNPP အဖွဲ့အပါအဝင် ကရင်နီလူမှု အသင်းအဖွဲ့များနဲ့ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ကန္တာရဝတီတိုင်း(မ်) ကိုပြောပြသွားတာ ဖြစ်ပါတယ်။
Geneva Call ရဲ့ နားလည်မှု စာချွန်လွှာအရ လိုက်နာရမည့် တာဝန်ဝတ္တရား Deed of Commitment (DOC) ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က KNPP အနေနဲ့ ဂျီနီဗာသို့သွားရောက် လက်မှတ် ရေးထိုးခဲ့ပြီး စာချုပ်ထဲ၌ အချက် ၉ ချက်ပါဝင်ကာ အဓိကအားဖြင့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးများကို အကာအကွယ် ပေးထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
DOC စာချုပ်ပါ လိုက်နာရမည့် ကတိကဝတ်တွေထဲက တချက်ဖြစ်တဲ့ မိမိတို့ လှုပ်ရှားသည့် နယ်မြေအတွင်း ကလေးများကို ဖြစ်နိုင်ပါက ကလေးအကာအကွယ်ပေးရေး အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြုစု စောင့်ရှောက်ပေး ရမှာ ဖြစ်ပါတယ်။

“အဲ့ဒါကျနော်တို့ ဒီ KNPP မှာ ဖွ့ံဖြိုးရေးကော်မီတီဆိုတာ ရှိတယ်။ အဲ့ဒီကော်မီတီက လောလောဆယ်အထိ တော့ ကျတော်တို့ ဘာမှ အကောင်အထည် မဖော်သေးဘူး ဒါပေမယ့်် အစီအစဉ်တော့ ရှိတယ်ပေါ့။ ဆိုလိုတာက လက်ရှိနိုင်ငံရေး အခြေအနေတွေ မပြီးပြတ်သေးတာတွေ ရှိတော့ ဒီဖွံ့ဖြိုးရေး အစီအစဉ် ကတော့ ကျတော်တို့ အခုမှပဲ စတင်တယ်လို့ ပြောရ မယ်ပေါ့” လို့ KNPP ပါတီဗဟိုကော်မီတီဝင် ခူညေးရယ်က ပြောပါတယ်။
စာချုပ်ကို လက်မှတ်ထိုးပြီးတာနဲ့ စာချုပ်ပါအချက်အလက်တွေကို လိုက်နာဆောင်ရွက်ဖို့က ကရင်နီတပ်မ တော်နဲ့ KNPP အပြင် Geneva Call တို့မှာလည်း တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။
“ဒီဟာ KNPP လက်မှတ်ရေးထိုးထားပြီးသား စာချုပ်တခုဖြစ်တယ်။ သူ ့အနေနဲ့ လိုက်နာ စောင့်ထိန်းမယ့် ဟာကို သူ့အဖွဲ ့ဝင်နဲ့အတူ လာရောက်ပြီးမှ ထိုင်ရတယ်။ တမျိုးရှင်းသွားတာပေါ့ အဲဒါလည်း KNPP အနေနဲ့ လည်း လုပ်သင့်တယ်။ ဒီဟာလုပ်နိုင်မှပဲ ဒီအဖွဲ့အစည်းရဲ့ သိက္ခာ မြင့်လာမှာလေ အထဲမှာ သူတို့လုပ်ဆောင် ရမယ့် အပိုဒ်လေးတွေတော့ ရှိမှာပေါ့” လို့ ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ယက် မှ coordinator ခူတော်ရယ်က ပြောပါတယ်။
အခု ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း KNPP အနေနဲ့လည်း ကယားပြည်နယ်အတွင်း ကလေးစစ်သားများ တကယ် ရှိ၊ မရှိ စတာတွေ အပြင် တခြားဖွ့ံဖြိုးရေး လုပ်ငန်းတွေကိုလည်း အနီးကပ် လုပ်နိုင်ဖို့အတွက် ဆက်ဆံရေး ရုံး ၃ ရုံး နှင့် ဖွံ့ဖြိုးရေး ရုံး ၁ ရုံး ပြည်တွင်းမှာ ဖွင့်လစ်ထားတာကို တွေ့ရပါတယ်။



