အစိုးရ သင်ရိုးသည် တိုင်းရင်းသား စာပေများအတွက် အခက်အခဲဖြစ်စေ

အစိုးရ သင်ရိုးသည် တိုင်းရင်းသား စာပေများအတွက် အခက်အခဲဖြစ်စေ
by -
ရွှေဟသာင်္

တိုင်းရင်းသား ဘာသာ သင်ကြားရေးနှင့် ပတ်သက်၍ အစိုးရ ပညာရေး ဌာန၏ သင်ရိုးညွှန်းတမ်းအရ သင်ကြားပေးပါက တိုင်းရင်းသားများအတွက် အခက်အခဲ ဖြစ်စေကြောင်း မွန်စာပေ ပညာရှင် တဦးက ဆိုသည်။

Mon school new

“အစိုးရ ကျောင်းသုံး စာအုပ်ကို ကျနော် ဘာသာပြန်ကြည့်ပြီးပြီး၊ ဒီတော့ ဗမာဝါကျအတိုင်း မွန်ကလေးတွေကို သင်ကြားပေး ရမယ် ဆိုရင်တော့ မွန်အက္ခရာနဲ့ သင်တယ် ဆိုပေမဲ့လို့ နားလည်မှာတော့ မဟုတ်ပါဘူး။ ဗျည်းအက္ခရာ လေ့ကျင့်ပေးတဲ့ နေရာမှာ ဆိုရင်လည်း ပိုပြီးတောင် ဆိုးရွား သွားစေတဲ့ အဖြစ်ပါဘဲ။ ဥပမာ မမဝဝထထက  ဆိုရင် မွန်စာပေ အဖြစ် ပြောင်းလဲလို့ ရပေမဲ့ အဲဒီ ဝေါဟာရရဲ့ အဓိပါယ်က မူရင်း မဖြစ်နိုင်တော့သလို မူရင်း ၀ါကျအတိုင်း သင်ကြားရင်လဲ မွန်ဝေါဟာရတွေ ပြောင်းလဲ သွားတဲ့ အတွက် မွန်ကလေးတွေ နားလည်မှာ မဟုတ်တော့ ပါဘူး။” ဟု ပြောဆိုသည်။

အစိုးရသည် အခြေခံပညာ မူလတန်း အဆင့်ဖြစ်သည့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း မြန်မာစာ ကျောင်းသုံး စာအုပ််ကို တိုင်းရင်းသား ဘာသာ အဖြစ် တိုက်ရိုက် ပြောင်းလဲ၍ ရေးသား ပြုစုထားသလို တိုင်းရင်းသား စာပေ ကျွမ်းကျင် သူများကို သင်တန်း ခေါ်ယူပြီး ခန့်ထားတော့မည်ဟု ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြအေးက ပြီးခဲ့သည့် မတ်လ (၁) ရက်နေ့က ပြောဆိုခဲ့ကြောင်း မောက္ခ ပညာရေးမဂ္ဂဇင်း အွန်လိုင်း သတင်းတပုဒ်၌ ဖော်ပြထားသည်။

တိုင်းရင်းသား စာပေများကို အစိုးရ သင်ရိုးညွှန်းတမ်း အတိုင်း ဘာသာပြန်ပြီး သင်ကြားရာတွင် ဘာသာရပ် မတူညီမှု၊ ၀ါကျ မတူညီမှုနှင့် ဘာသာပြန် အခက်အခဲကြောင့် ယခုပြုစုလိုက်သော ကျောင်းစာများ အပေါ် တိုင်းရင်းသားများက လက်မခံ လိုကြောင်းနှင့် အခြေခံပညာ မူလတန်း အဆင့် ကျောင်းစာကို ပြည်နယ် အဆင့် ပညာရေး ကော်မီတီများမှ လွတ်လပ်စွာ ပြဌာန်း လိုကြောင်း သိရသည်။

ထို့အပြင် တိုင်းရင်းသား စာပေကို တိုင်းရင်းသားများ၏ သင်ရိုးညွှန်းတမ်းအရ လွတ်လပ်စွာ ခွင့်ပြု သင့်ကြောင်းနှင့် လက်ရှိ ကျင့်သုံးခဲ့ သော စနစ်မှာ ယခင် အစိုးရ အဆက်ဆက်ကထက် စေတနာ မပါကြောင်း အထက်ပါ မွန်ပညာရှင်က ထောက်ပြ ပြောဆိုသည်။

“ကျနော်တို့ မွန်စာပေအတွက် ၁၉၅၄ ခုနှစ်ကတည်းက မွန်ပညာရေးဘုတ် အဖွဲ့တခု အစိုးရက ဖွဲ့စည်းပေးပြီးတော့ ကိုယ့် ရဲ့သင် ရိုးညွှန်းတမ်းနဲ့ စာသင်ကျောင်းထဲမှာ သင်ကြားခွင့်ရတယ်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု တက္ကသိုလ် အဆင့်အထိလည်း ရှိခဲ့တယ်။ ၁၉၆၂ ခုနှစ် ဦးနေဝင် အာဏာ သိမ်းပြီး နောက်ပိုင်းမှာ ၁၉၆၄ ခုနှစ်တွင် တိုင်းရင်းသား စာပေ သင်ကြားခွင့်ကို ဥပ ဒေအရ ယနေ့အထိ ပိတ်ပင်ခဲ့ပါတယ်။ ယခု အစိုးရရဲ့ လုပ်ရပ်ကလဲ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး” ဟု ဆိုသည်။

ထို့အပြင် မြန်မာ့ ပညာရေး စနစ်ကိုလည်း မလေးရှားနိုင်ငံ ပညာရေးစနစ် နည်းလမ်း အတိုင်း လုပ်ဆောင် ပေးသင့်ကြောင်းနှင့် မလေးရှားတွင် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာရပ်ဖြင့် အခြေခံ ပညာ မူလတန်း အဆင့်တွင် မသင် မနေရ သင်ကြားခွင့် ပေးထား ခဲ့ကြောင်း ဆက်လက် ပြောဆိုသည်။

အလားတူ မြန်မာနို်င်ငံ အစိုးရ စာသင်ကျောင်း များတွင် တိုင်းရင်းသား ဘာသာရပ်ကို တိုင်းရင်းသား များ၏ စာပေ သင်ကြားရေး စနစ်ဖြင့် တရားဝင် သင်ကြားနိုင်ရန် ဥပဒေ အရ ခွင့်ပြုသင့်ကြောင်း တိုင်းရင်းသား များက တောင်းဆိုနေခြင်း ဖြစ်သည်ဟု မွန်စာပေ ပညာရှင်က ပြောဆိုသည်။

Most read this week