ရှမ်းပြည်နယ်လူမျိုးစုကြား ယုံကြည်မှုရရှိရန် SNLD ကြိုးပမ်း

ရှမ်းပြည်နယ်လူမျိုးစုကြား ယုံကြည်မှုရရှိရန် SNLD ကြိုးပမ်း
by -
ရွှေဟသာင်္

ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ကမကထပြုလုပ် ကျင်းပသော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လူမျိုးစုများ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် ရည်ရွယ်သည့် ဆွေးနွေးပွဲ တရပ်ကို လာမည့် မတ်လ၂၀ ရက် နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုုးမြို့၌ ကျင်းပရန် ရှိကြောင်း SNLD ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့် လွင် က ဆိုပါသည်။

“အဓိက ကတော့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ယခင်က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင် တာမှာ ရှမ်းတိုင်းရင်းသားတွေ သက်သက်ပါတဲ့ ဆွေးနွေးပွဲကို ကျင်းပ ခဲ့ဘူးပါတယ်။  အဲဒါကို အကြောင်းပြုပြီး အစိုးရဘက် က ကျနော်တို့ အပေါ် ယုံကြည်လာတဲ့ အတွက် အခု ဒီဆွေးနွေးပွဲကို ဆက်လုပ်သွားဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။”ဟု ဆိုပါသည်။

အဆိုပါ ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲသည် ရှမ်းနှင့် ကယားပြည်နယ်ရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၃) ဖွဲ့နှင့် နိုင်ငံရေး ပါတီ (၁၂) ဖွဲ့ စုစုပေါင်း (၂၅) ဖွဲ့ ဖိတ်ကြားထားပြီး လာ မည့် မတ်လ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်ဟု ဆိုပါသည်။
 
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ကျင်းပသော ရှမ်းရေးရာ ဆွေးနွေးပွဲ (ဓါတ်ပုံ ဦးလှမောင်ရွှေ)

ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ ပြည်နယ် အတွင်း ငြိမ်းချမ်းမှုရရှိရေးနှင့် ၊ ဖွံ့ဖြိုး တိုးတက်စေရေး အပါ၀င် တန်းတူ ညီမျှ သည့် ပြည်ထောင်စုကြီး ဖွဲ့စည်းသည့် အခါတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၌ ရှိသည့် နိုင်ငံရေး အင်အားစု များက မည်ကဲ့သို့ ပါဝင် သွားကြမည်ကို စုပေါင်း အဖြေရှာ ကြမည့် ဆွေးနွေးပွဲဖြစ်သည်ဟု ဦးစိုင်းညွန့်လွင်က ဆိုပါသည်။

“ယခု ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ နိုင်ငံရေး သဘော တူညီချက်တွေ တစ်စုံတခု ရရှိလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ တစ်ယောက်ရဲ့ ခံစားချက်တွေ အခြားတစ်ယောက်က နားလည် သိရှိသွားဖို့ပါ။ အဓိကက ရင်နှီးမှုတွေ ပိုရှိလာကြဖို့နဲ့ စိတ်ချ ယုံကြည်စွာနဲ့ အတူ လက်တွဲ ပူးပေါင်း လုပ်ဆောင်သွားနိုင်ဖို့ အဆင့်လောက်ဘဲ မျှော်မှန်းထားပါတယ်။” ဟုဆိုပါသည်။

ဤဆွေးနွေးပွဲမျိုးမှ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပါက အနာဂတ်တွင် နိုင်ငံရေး သဘော တူညီချက်များ ချမှတ် လာနိုင်သည် အထိ အဆင့်ဆင့် ပြုလုပ်သွားရန် ရှိကြောင်း ဆိုပါသည်။

ဆွေးနွေးပွဲ ဖြစ်မြောက်အောင် SNLD ဗဟို ကော်မတီဝင်များမှ ကမကထပြုပြီး ရှမ်းပြည်နယ် တောင်းပိုင်းနှင့် မြောက်ပိုင်း တွင်ရှိကြသော အဖွဲ့များနှင့်ု ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် ဇန္နာဝါရီလတွင် တစ်ကြိမ်၊ နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း SNLD ပါတီက ဆိုပါသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းတွင်လည်း ရှမ်းမျိုးနွယ်စုများ အကြား ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ခဲ့ပါသည်။ ထိုဆွေးနွေးပွဲမျိုးကို ပထမဦးဆုံး လွတ်လပ်စွာ ကျင်းပ ပြု လုပ်နိုင်သည့် တိုင်းရင်းသား ဆွေးနွေးပွဲ ဖြစ်ကြောင်း SNLD ဘက်က မြင်ပါသည်။

ထိုဆွေးနွေးပွဲမှ ရှမ်းပြည်နယ်ကို ကိုယ်စားပြု ပြောဆိုသော အသံများကို ရရှိထားပြီး ဖြစ်ကြောင်း၊ ဤသို့ကြောင့် ရှမ်းပြည် နယ် အတွင်း၌ နေထိုင်ကြသော အခြား တိုင်းရင်းသားများ၏ သဘောထားများပါ ပါဝင်နိုင်ရန် ဒုတိယ အကြိမ် ဤဆွေးနွေးပွဲ ကိုပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

ဤဆွေးနွေးပွဲ နှစ်ရပ် စလုံးမှ ရရှိလာသည့် နိုင်ငံရေး ပါတီ/ အဖွဲ့တို့၏ သဘောထား များကို ပူးတွဲပြီး အစိုးရ၏ ငြိမ်းချမ်းရေး စင်တာ အဖွဲ့ထံသို့ တင်ပြ သွားမည်ဟု ဆိုပါသည်။

Most read this week