ကယားပြည်နယ်၊ မော်ချီးသတ္တုတွင်းတဝှိုက် ယူးကော်ခူကျေးရွာ အနီးရှိ တောင်စွယ်ပြတ်တစ်ခု ပြိုကျနိုင်သည့် အနေအထားရှိသဖြင့် အနီးဝန်းကျင်ရှိ လုပ်ငန်းခွင်များနှင့် လူနေ အဆောက်အဦးများ အန္တရာယ် ဖြစ်လာနိုင်၍ သတိပြုပေးထားသလို ရှင်းလင်းဖယ်ရှားသွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါတောင်စွယ်ပြတ်မှာ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် အတွင်းတည်ရှိပြီး အချင်း ၂၀ မီတာခန့်၊ အမြင့် ၆၀ မီတာခန့်ရှိပြီး တောင်စောင်းဖက်သို့ ရေပြင်ညီမှ ၆၅ ဒီဂရီခန့် တိမ်းစောင်းနေသည့်အတွက် ကျွမ်းကျင်သည့် Mining Engineer များ၏ အကူအညီဖြင့် ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်စွယ်မှာ ကွဲကြေလွယ်သည့် ကုန်းပြင်မြင့်ထုံးကျောက် ( plateau Limes – tone) များဖြင့် ဖွဲ့စည်းထားပြီး ယင်းအတွင်းဖက်နှင့် အောက်ခြေများတွင် မှိုပေါက်၊ လှိုဏ်ပေါက် များရှိနေသည်။
လွန်ခဲ့သော ၁၀ နှစ်အတွင်းက တောင်မကြီး နှင့် တစ်ဆက်တစ်စပ်တည်း ရှိခဲ့ပြီး တဖြည်းဖြည်း အက်ကြောင်း ပေါ်လာကာ အက်ကြောင်းမှာ တစ်စထက်တစ်စ ကျယ်လာလျက် အချိန်မရွေး ပြတ်ကျနိုင်သည့် အနေအထားဖြစ်ကြောင်း ဘူမိဗေဒ လေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှုး ဒေါက်တာ ဇော်လင်းအောင်၏ အစီရင်ခံစာအရ သိရသည်။

တပ်မတော် နယ်လှည့်အထူးဆေးကု အဖွဲ့မှ မော်ချီး သတ္တုတွင်း ဒေသသို့ ရောက်ရှိစဉ် ယင်းတောင်စွယ်အား တွေ့ရှိ၍ ပြည််နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ဖေဖေါ်ဝါရီလ ၂၃ နှင့် ၂၄ ရက်များက ပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးဦးရဲဝင်း၊ ဘဏ္ဍာ အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းကျော်စိုး၊ ဘူမိဗေဒ လေ့ လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုး ဒေါက်တာ ဇော် လင်းအောင်၊ လက်ထောက် ဘူမိဗေဒအရာရှိ ဦးဝင်းသူ၊ ဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးတို့ ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ကြောင်း သစ်တောနှင့်သတ္တု ဝန်ကြီး ဦးရဲဝင်းက ပြောသည်။
ယင်းတောင်စွယ်ပြတ်၏ အောက်ဖက်လားရာ တောင်ခြေတွင် စေတီတော်တစ်ဆူ၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် သတ္တုလုပ်ကွက်များမှ လူနေအိမ်ခြေ အဆောက်အဦးများ တည်ရှိကြောင်း သိရသည်။



