(၅) ကြိမ်မြောက် ရာဇသံ နှင့် အတူ SSPP/SSA ဒေသ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ

(၅) ကြိမ်မြောက် ရာဇသံ နှင့် အတူ SSPP/SSA ဒေသ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ
by -
ရွှေဟင်္သာ

စစ်ရာဇသံ (၄) ကြိမ် ပေး ခံရပြီး ယခု (၅) ကြိမ် မြောက် အဖြစ် SSPP/SSA ၏ လွယ်လန်းရှိ တပ်ရင်း (၁၉၂) အား ဖယ်ရှား ပေးရန် ယမာန် နေ့က အရှေ့မြောက် ပိုင်းတိုင်းမှ ဗိုလ်မှူးကြီး ကိုယ်တိုင် ထပ်မံ ရာဇသံ ပေးလာ ခြင်းနှင့် အတူ ယနေ့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှ ပြောသည်။

“မနေ့ည (၈) နာရီ အချိန်မှာ ရမခ တိုင်းက ကာနယ်ကြီး ကျနော်တို့ လာရှိုး မြို့ပေါ်မှာ ရှိတဲ့ ဆက်ဆံ ရေးရုံး တာဝန် ခံကို လာရောက်ပြီး တပ်စခန်း ဖယ်ပေးဖို့ ရာဇသံ ပေးသွား ခဲ့တယ်၊ ဒီနေ့ မနက် (၆) နာရီခွဲမှာ အဲဒီ လွယ်လန်း ကျွှန်တော်တို့ တပ်စခန်းကို အစိုးရ တပ်ဖွဲ့က လာရောက် တိုက်ခိုက် နေတယ်” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလမှ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ဇွန်လတွင်း SSPP/SSA တပ်စခန်း တောင်ကုန်း တစ်ခု ဆုတ်ပေးရန် ရာဇသံ ပေးခဲ့ကာ SSPP/SSA ဘက်မှ ဆုတ်ပေး ခဲ့ပါသည်။ ထပ်မံ၍ ဇူလိုင် လဆန်း၌ မိုင်းရှူး ဂွင်ရှိ (၇) မိုင်ကုန်းခေါ် မိုင်းအွတ် စခန်းနှစ်ခု ကို ဆုတ်ပေးရန် SSPP အား ရာဇသံ နှစ်ခါ ပေးခဲ့ပြီး ဆုတ်ခွာ ခိုင်းခဲ့သည်။  တတိယ မြောက် ရာဇသံ အဖြစ် လာရှိုးမြို့ နှင့် မိုင်းရယ် မြို့ကြားရှိ နမ့်မ ဂွင်မှ SSPP တပ်များ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၅) ရက် နောက်ဆုံး ထားပြီး ဆုတ်ခွာ ပေးရန် တတိယ မြောက် ရာဇသံ ပေးခဲ့ကာ SSPP/SSA မှ ၄င်း တတိယမြောက် ရာဇသံမှ စတင် အာခံ ခဲ့သည်။ စတုတ္ထမြောက် ရာဇသံ အဖြစ် ရှမ်းပြည်နယ်၊ နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူမှ ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူး မြို့နယ်ရှိ တာ့ဆမ်းဖူး ကူးတို့ဆိပ် ပတ်ဝန်းကျင် နေရာအား အောက်တိုဘာ (၅) ရက်နေ့ နောက်ဆုံး ထားပြီး တပ်ဆုတ်ပေးရန် ရာဇသံ ပေးခဲ့ပြန်ကာ ဤအကြိမ်တွင် SSPP ဆုတ်ခွာ ပေးခဲ့ခြင်း မရှိခဲ့ပေ။

ထို့နောက်မှ (၅) ကြိမ်မြောက် ရာဇသံ အဖြစ် ယခု လွယ်လန်း တပ်စခန်း ဆုတ်ပေးရေး ရာဇသံ ဖြစ်သည်။ ၄င်း တပ်စခန်း သည် ရှမ်းပြည် မြောက်ပိုင်း တန့်ယန်း မြို့နယ် တောင်ဘက် နမ့်လောဝ် ကျေးရွာ အုပ်စု အနီးရှိ ရှမ်းပြည် တိုးတက်ရေး တပ်မတော် SSPP/SSA တပ်မဟာ (၃၆) ၊ တပ်ရင်း (၁၉၂) တပ်စခန်း ဖြစ်ပါသည်။

တိုက်ပွဲမှာ ယနေ့ နံနက်ပိုင်း မှသည် နေ့လည်ပိုင်း အထိ နာရီ အတန်ကြာ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်ဟု သိရှိ ရပြီး ထိခိုက် ကျဆုံးမှု အခြေ အနေများ မသိရှိ ရသေးပေ။

အဆိုပါ တပ်စခန်း သည် ၁၉၆၀ ခုနှစ် ကတည်း ကပင် SSPP/SSA မှ တပ်စွဲကာ နေထိုင် လှုပ်ရှား လာခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်ကုန် ပိုင်းတွင် လာရှိုး မြို့၌ ပြုလုပ် ခဲ့သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံ ခဲ့စဉ် ၌လည်း တပ်မိသားစု နေရာ ချထားရေး ဆောင်ရွက်ရန် စီမံချက် ရှိသော နေရာဖြစ်သည်။ ထိုစီမံချက် များကိုလည်း နိုင်ငံတော် သမ္မတ ထိသို့ပင် တင်ပြ ထားပြီး ဖြစ်ကြောင်း SSPP/SSA မှ ပြောသည်။

၄င်း လွယ်လန်း တပ်စခန်း ဖယ်ရှား ပေးရန် ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် SSPP/SSA လာရှိုးမြို့ ဆက်ဆံ ရေးရုံး တာဝန်ခံ ဗိုလ်ကြီး အောင်လထံ ရမခတိုင်း၊ ကာနယ်ကြီး ဗိုလ်မှုုးကြီး ဝင်းသိန်းက တစ်ကြိမ် လာရောက် ပြောကြား သွားခဲ့ပြီး ဖြစ်ကာ ယမာန် နေ့၌ ထပ်မံ ရာဇသံ ပေးခဲ့ပြီး ယနေ့တွင် တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့ကြခြင်း ဖြစ်သည်။

 “အဲဒီနေရာ ဖယ်ပေးရင် ကျနော်တို့ တပ်ဖွဲ့တွေ နေထိုင်ရမဲ့ နေရာ မရှိတော့ဘူး ဆိုတော့ ဖယ်ပေးလို့ မရဘူး ဖြစ်နေတယ်၊ အဲတာကြောင့် အစိုးရတပ် လာရင်တော့ ခုခံ တိုက်ခိုက် သွားရဖို့ပဲ ရှိတော့ မှာဘဲ” ဟု ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

ယနေ့ တိုက်ပွဲ မတိုင်ခင်၌လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ညနေ ၃ နာရီ ခွဲခန့်မှ ညနေစောင်း (၅) နာရီ အထိ တန့်ယန်း မြို့နယ်တွင်းရှိ မိုင်းကောင် အရှေ့ဘက်၌ တစ်ကြိမ်၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ၄င်း လွယ်လန်း တပ်စခန်း၌ တစ်ကြိမ် အစိုးရ တပ်၏ ခမရ ၃၂၂ အင်အား ၁၀၀ ဝန်းကျင် ခန့်ဖြင့် နှစ်ဖက် တပ်များ အကြား တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြပြီး ဖြစ်သည်။

SSPP/SSA အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် UNFC နှင့် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ထိုင်းနိုင်ငံ တွင်း၌ တွေ့ဆုံ ဆွေးနွေး ခဲ့စဉ် ၌လည်း ပါဝင် တက်ရောက် ခဲ့သည့် အဖွဲ့ ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့မှာ အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။ အပစ်အခတ် ရပ်စဲပြီးချိန်မှသည် ယခုအထိ တိုက်ပွဲပေါင်း (၅၀) ကျော် ဖြစ်ပွား ခဲ့ကြ ပြီးလည်း ဖြစ်သည်။ အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ကြပြီး တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း အစိုးရနှင့် SSPP/SSA တို့၏ စစ်ရေး အခြေအနေ ဆက်ဆံ ရေးများ တိုးတက် လာမှု မရှိကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေကြ ဆဲပင် ဖြစ်သည်။

ယခု ကဲ့သို့ အပစ် အခတ် ရပ်စဲရေး သဘောတူညီ ကြပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ရခြင်း များကိုလည်း အစိုးရ တပ်ဘက်မှ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ပါ အချက်များကို လိုက်နာမှု မရှိဟု စွပ်စွဲ ပြောဆိုလျက် ရှိပါသည်။

Most read this week