အကူအညီ ပစ္စည်း များနှင့် အတူ နေမျိုးဇင်တို့ အဖွဲ့ လိုင်ဇာသို့ ဆိုက်ရောက်

အကူအညီ ပစ္စည်း များနှင့် အတူ နေမျိုးဇင်တို့ အဖွဲ့ လိုင်ဇာသို့ ဆိုက်ရောက်
by -
ရွှေဟင်္သာ

ကချင် ဒုက္ခသည်များအား ကူညီရန် လာရောက်သည့် မြန်မာ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကွန်ယက်အဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်သည့် အင်အား (၃၂) ဦးပါ အဖွဲ့တို့သည် ယနေ့ မွန်လွှဲ ၁ နာရီ အချိန်တွင် KIO လိုင်ဇာ ဗဟို ဌာနချုပ်သို့ ရောက်ရှိ လာပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါသည်။

phophtaw

“ဒီနေ့ (၁) နာရီ လောက်မှာ လိုင်ဇာဌာနချုပ်ကို သူတို့ အဖွဲ့ ရောက်ရှိ လာပါတယ်။ ဒုက္ခသည်တွေ ပေးဖို့ ပစ္စည်းတွေ ပါလာတယ် ဆိုတော့  ဂျေရ ဒုက္ခသည်စခန်းနဲ့ ခနွမ်ယန် ဒုက္ခသည်စခန်း ၂ ခု ကို လိုက်ပို့ ပေးနေ ပါတယ်” ဟု ဆိုပါသည်။

၄င်း အဖွဲ့သည် ယမာန်နေ့ ညနေ ၅ နာရီ အချိန်တွင် လိုင်ဇာ အနီးရှိ လဂျာယန် ဒေသ၊ လဝါယန် ကျေးရွာ KIA ဂိတ်စခန်းကို ရောက်ရှိကာ ထိုနေရာ၌ ညအိပ် ရပ်နားခဲ့ကာ ယနေ့မှပင် လိုင်ဇာသို့ ဆက်လက် ချီတက်လာကြခြင်း ဖြစ်သည်။

“ဒီနေ့ လိုင်ဇာဗဟို ဌာနချုပ်က လွှတ်လာပါ အမိန့် ရတော့ ကျနော်တို့ ဒီကနေ သွားခွင့် ပြုလိုက် ပါတယ်” ဟု ဂိတ်မှူး တစ်ဦးက ဆိုပါသည်။

 ၄င်းတို့နှင့် အတူ ပါလာည်သည့် အကူအညီပစ္စည်း များအား ဒုက္ခသည်ပေါင်း (၈၀၀၀) ခန့်ရှိသည့် ဂျေရ ဒုက္ခသည် စခန်းနှင့် ဒုက္ခသည်ပေါင်း (၂၀၀၀) ခန့်ရှိသည့် ခနွမ်ယန် ဒုက္ခသည် စခန်း ကိုလည်း သွားရောက်ကာ အကူ အညီ ပေးကြ ခြင်းလည်း ဖြစ်ကြောင်း KIO ဒုက္ခသည် စခန်းများ တာဝန်ခံ ဦးဒွဲပီဆာ ကပြောသည်။

ထိုအဖွဲ့ သည် ဇန္နာဝါရီလ ၂၁ ရက်နေ့မှ စပြီး ရန်ကုန်မြို့မှ ထွက်ခွာ လာပြီး မြင်ခြံ မြို့မှ စတင် လမ်းလျှောက် ချီတက် လာခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မန္တလေး မြို့သို့ ရောက်ရှိ လာပြီးနောက် ကိုနေမျိုးဇင် တို့အဖွဲ့သည် ဧရာဝတီမြစ် အရှေ့ဘက် ခြမ်း လမ်းကြောင်းမှ ကား (၂) စီးဖြင့် လိုင်ဇာသို့ ထွက်ခွာ လာခဲ့သည်။

ယနေ့ နံနက်ပိုင်း ၂ နာရီ ၁၅ မိနစ် အချိန်တွင် လိုင်ဇာမြို့သို့ ဝင်ရောက်ခွင့် ရရှိ သောကြောင့် ဆက်လက် ချီတက်လာရာ မွန်လွဲ ၁ နာရီအချိန်တွင် KIO လိုင်ဇာဗဟို ဌာနချုပ်သို့ ရောက်ရှိ လာခဲ့သည်။

Most read this week