နက်ဖြန် (ဖေဖော်ဝါရီ ၂၀) ရက်နေ့၌ UNFC ငြိမ်းချမ်းရေး အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အကြို ညှိနှိုင်း ဆွေးနွေးပွဲ ရှိသဖြင့် ယခု ရက်ပိုင်း များအတွင်း တိုက်ပွဲများ မဖော်ဆောင် ကြရန် တပ်စခန်း အသီးသီး များသို့ အမိန့်ပေး ထားပြီ ဖြစ်ကြောင်း အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော်က ဆိုပါသည်။
“ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ကတည်းက အမိန့်ထုတ်ပြန် ထားပြီး ဖြစ်တယ်။ ကျနော်တို့ ဘက်က တွေ့ဆုံ ဆွေးနွေးမှု ရှိတဲ့ အချိန်မှာ တိုက်ပွဲ မဖော် ဖို့တော့ ညွှန်ကြား ထားတယ်၊ ဒါပေမယ့်လည်း စိုးရိမ် နေတာက အစိုးရ ဘက်က ကွတ်ခိုင် မြို့ဘက်မှာ တပ်အင်အား စစ်ကား စီး (၃၀) နဲ့ ထပ်ရောက် လာပြီး အင်အား ဖြည့်တင်း မှုတွေ ရှိနေတော့ အခြေ အနေတွေ တစ်မျိုး ဖြစ်မှာ စိုးရိမ် နေတယ်” ဟု တာဘုန်းကျော်မှ ဆိုပါသည်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သည် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည့် မန်တုံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်း မြို့နယ်နှင့် နမ့်ဆန်မြို့နယ် တို့တွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အစီ အစဉ်ဖြင့် စတင် လှုပ်ရှား ခဲ့သည်။
ထို့ကြောင့်လည်း နှစ်ဖက် တပ်များ အကြား ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွား နေရလျက် ရှိကာ နောက်ဆုံး နှစ်ဖက် ဖြစ်ပွား ခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် (၂) နာရီကြာ ရင်ဆိုင် တိုက်ပွဲ အပြီးတွင် TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့တို့ ယခု ကဲ့သို့ အမိန့် ပေးထား ခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့တွင် ရှမ်းပြည် သွေးစည်း ညီညွှတ်ရေးအဖွဲ့ RCSS တို့သည် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ထိုင်းနိုင်ငံ ဇင်မယ်မြို့တွင် တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။ သို့သော် ကချင်ပြည်နယ်အတွင်း စစ်ရေးအရှိန် လျှော့ကျ သွားသည်နှင့် တပြိုင်ထဲ ရှမ်းပြည်နယ် အတွင်း၌ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ဝမ့်ဟိုင်း ဌာနချုပ် တဝိုက်တွင် အစိုးရ တပ်ဖွဲ့ စစ်အင်အား များစွာ ပြန်လည် ပို့ဆောင် နေသည်ကို တွေ့ရ ကြောင်းနှင့် အစိုးရ တပ်ဖွဲ့၏ ရှေ့ဆက် လုပ်ဆောင်မှုကိုလည်း မိမိတို့ ဘက်မှ စောင့်ကြည့် နေကြောင်းလည်း ပြောခွင့်ရ ဗိုလ်မှူး စိုင်လ က ပြောပါသည်။
“ကချင်စစ်ပွဲ ရပ်ကတည်းက ရှမ်းပြည်နယ် ဘက်ကို စစ်အင်အား လှည့်လာ တာကို ကျနော်တို့ လူထုက စိုးရိမ် နေကြတယ်။ အစိုးရဘက်က ဘာဆက်လုပ် မှာကိုလည်းပဲ စောင့်ကြည့် နေတယ်” ဟု ဆိုပါသည်။
သို့သော်လည်း ထိုသို့ ပြင်ဆင် မှုများမှာ စစ်ဆင်ရေး အတွက် ပြင်ဆင် နေမှုများ မဟုတ်သည့် အကြောင်းကို သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်မှ ပြည်တွင်း ဂျာနယ် တစ်ခု ဖြစ်သည့် (၇) ရက် သတင်း ဂျာနယ်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ပြောကြား ထားမှု ရှိခဲ့သည်။
“ဝေးလံတဲ့ ဒေသ တွေမှာ ရောက်နေတဲ့ စစ်ကြောင်း တွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ ဆေးဝါး များကို ပေးပို့တာ ရှိသလို နောက်တန်းကို ဆေးကု သရန်၊ သင်တန်း တက်ဖို့ရှိနေသူ သွားရောက် ခေါ်ဆောင် ခြင်းမျိုး ရှိနိုင ပါတယ်။ ဒါဟာ ထိုးစစ်အတွက် ပြင်ဆင်တာ မဟုတ်ပါဘူး”ဟု ဦးရဲထွဋ်မှ ပြောကြားထားမှု ရှိခဲ့သည်။

အစိုးရ တပ်ဖွဲ့ တို့သည် နယ်မြေ စိုးမိုးရေး ရည်ရွယ်ချက် အတိုင်း ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း စစ်တပ်ပိုင် မီဒီယာ မြဝတီ သတင်းဌာနမှ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ထုတ်ပြန် ဖော်ပြ ထားပါသည်။
ထိုသို့ နယ်မြေ စိုးမိုးရေး လှုပ်ရှားမှုများ မှာလည်း မိမိတို့၏ ထိန်းချုပ် ဒေသ များအတွင်း ဝင်ရောက်ခြင်း ဖြစ်သည် ဟုလည်း ဗိုလ်မှူး တာဘုန်းကျော်မှ ဆက်ပြောသည်။
“အစိုးရရဲ့ နယ်မြေ စိုးမိုးရေး ဟာလည်းပဲ ကျနော်တို့ ရှိတဲ့ နေရာကို တပ်ဖြန့် လာရောက် နေယူ နေခြင်း ဖြစ်နေတယ်။ ဒီလို လုပ်လာ တာဟာ တိုက်ပွဲတွေ ဆက်ဖြစ် လာစေမယ့် အနေ အထားကို ဆောင်စေတယ်” ဟု ဆိုပါသည်။
ထို့ကြောင့်လည်း ယခု ကဲ့သို့ အစိုးရ တပ်ဘက်မှ ဆက်လက် လုပ်ဆောင် လာနေပါက တအာင်း တပ်ဖွဲ့ ဘက်မှ တိုက်ပွဲများ မဖော်ရန် အမိန့်ပေး ထားသော်လည်း တိုက်ပွဲများ ဖြစ်ပွား လာမည်ကို စိုးရိမ် နေလျက် ရှိကြောင်းလည်း ဆိုပါသည်။



