သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေတွေ ဥပဒေအသစ်မှာ ပြန်လည်ရရှိနိုင်ပြီလား

သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေတွေ ဥပဒေအသစ်မှာ ပြန်လည်ရရှိနိုင်ပြီလား
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်း ယခင်က မြန်မာအစိုးရတပ်တွေ၊ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ နှင့် အာဏာရှိတဲ့ပုဂ္ဂိုလ်တွေကနေ သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေ ခြံမြေတွေကို ပြန်လည်ရရှိဖို့အတွက် တောင်သူလယ်သမားတွေက ယခု အရပ်သားအစိုးရလက်ထက်မှာ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုနေကြတယ်ဆိုတာကို မြို့နယ်တိုင်း ကျေးရွာ တိုင်းမှာ တွေ့နေရပါတယ်။

ပြည်နယ်အစိုးရထံအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တခြားနိုင်ငံရေးပါတီတွေ ထံကိုလည်း လာရောက်တင်ပြ တောင်းဆိုနေကြပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းမှာဆိုရင် လောပိတကျေးရွာအုပ်စုအတွင်းက အကျဉ်းဦးစီးဌာနကနေ သိမ်းဆည်းထားခဲ့တဲ့ ဧက ၄၀၀ ကျော်ရှိသည့်မြေတွေ၊ ယခင်က အမြောက်တပ် ၃၆၂ တပ် ယခု ခမရ ၅၃၀ တပ်တည်ရှိသည့်နေရာတွင် တပ်သိမ်းထားတဲ့ ဧက ၂၀၄၀ ခန့်လောက်ရှိသည့် မြေယာတွေ  ပြန်ရရှိဖို့ တောင်သူလယ်သမားတွေက ကြိုးစားနေကြပါတယ်။

မိုက်ကန်းရွာမှ ကျေးရွာဥက္ကဌ ဦးသက်နိုင်က “ အကျဉ်းဦးစီးမပျက်ခင်မှာပေါ့ ဝန်ကြီးနဲ့တိုက်ရိုက်တင်ပြီးတင် လိုက်တယ်။ အကျဉ်းဦးစီးကပြည်ထဲရေးက ပျက်သွားတယ်ဆိုရင် အစိုးရအဖွဲ့ကိုအပ်တယ်ဆိုရင် ပြန်လုပ်ပေးမယ်ဆိုတော့ အကျဉ်းဦးစီးကမကြာဘူး ကျနော်တို့စာတင်ပြီးမကြာခင်မှာပဲပျက်တော့ သူတို့ဆင်းလာတော့ အကွက်တွေ နာမည်တွေ ထည့်ပေးတယ်။ အခုချိန်ထိတော့ဘာမှ အကြောင်းမပြန်ဘူး။ နောက်ပြီးတော့မှ စစ်တပ်ကသိမ်းထားတဲ့မြေ အဲဒါလည်းတင်ထားတယ်။ အခုလည်းဘာမှ အကြောင်းမပြန်ဘူး လွှတ်တော်ကိုယ်စားလှယ်လည်း တင်ပြလိုက်တယ်။ ” လို့ ပြောပါတယ်။

၎င်းမြေယာတွေကို မသိမ်းဆည်းခင်ကတည်းက မိုက်ကန်းရွာ၊ ဆိုလဆဲရွာ ၊ ဘုရားဖြူရွာ၊ ပိုးဇာခြံကျေးရွာတွေက တောင်သူတွေက မြေ ယာတွေကို လုပ်ကိုင်စားသောက် လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“သိမ်းထားတဲ့ဟာတွေ ဦးပိုင်ပေါက်အောင် ပြန်ရချင်တယ် ။ အခုက ကျနော်တို့ဆီမှာ တရွာလုံးမှာက ဒါကိုပဲ
အားကိုးပြီးမှီခိုပြီး လုပ်စားနေကြတာဖြစ်ပါတယ်။ အခု သူတို့သိမ်းထားတဲ့အတွက်ကြောင့် ကျနော်တို့လည်း အခက်အခဲ အများကြီးရှိတယ်။ မရှိမဲ့ရှိမဲ့သူတွေက အခွန်ဆောင်ပြီးပေးနေရတဲ့သူတွေက တရွာလုံးနစ်နာနေတဲ့ အခြေအနေရှိတာပေါ့” လို့ မိုက်ကန်းရွာမှ ဦးဗျားရယ်က ပြောပါတယ်။

ထိုနည်းတူစွာပင် ဒီးမော့ဆို့မြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်းက ၁၀၂ တပ် ၊ ၄၂၇ တပ်တို့ သိမ်းဆည်းခဲ့သည့် လယ်တွေ၊ မြေတွေနှင့် ဖရူဆိုမြို့နယ်မှ အမှတ် (၁၄) စစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်နေသည့် ကျောင်းမှတပ်သိမ်းမြေတွေ ဒါတွေအားလုံးကို ပြန်ရဖို့ လူထုတွေက တောင်းဆိုနေကြပါတယ်။

ယခုလိုကြံုတွေ့နေကြရတဲ့ တောင်သူလယ်သမားတွေအနေနဲ့ ယခင်အစိုးရလက်ထက်က သိမ်းဆည်းခဲ့သည့် လယ်ယာမြေတွေကို ပြန်လည်ရရှိဖို့ကြိုးစားနေကြတာဟာ သက်ဆိုင်ရာ အစိုးရကနေပြီး ဥပဒေနဲ့အညီ အဆင့်ဆင့် ဆောင်ရွက်ပေးသွားမယ်ဆိုရင် ပြန်လည်ရရှိနိုင်ပါတယ်လို့ ဥပဒေတတ်ကျွမ်းနားလည်သည့် တရားလွှတ်တော်ရှေ့နေ ဦးစိန်ကြိုင် ကပြောပါတယ်။

“အခုချိန်မှာ ဒီလိုသိမ်းထားတဲ့မြေကို ပြန်လျှောက်မယ်ဆိုရင် ကျနော်တို့ ဒီ ဥပဒေနဲ့အညီ အဆင့်ဆင့်ကို ပြန်လည်တင်ပြပြီးတော့မှ မိမိဘယ်တုန်းက ဘယ်လိုလုပ်ကိုင်ခဲ့သလဲ ၊ လုပ်လဲလုပ်လာပါတယ်၊ ဆွေစဉ်မျိုးဆက်ပေါ့နော ဘိုးဘွားစဉ်ဆက် လုပ်လာတဲ့မြေဖြစ်ပါတယ်၊ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ လုပ်ပိုင်ခွင့်ကိုလည်း ယနေ့ ကျနော်တို့ လုပ်နေပါတယ်ဆိုတဲ့ အကြောင်းအရာတွေကို တင်ပြပြီးရင် သက််ဆိုင်ရာ ၀န်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတကြီးထိပေါ့ ဒီပေါ်မှာ အဆင့်ဆင့်တင်ပြသွားမယ်၊ သက်ဆိုင်ရာအဖွဲ့စည်းကလည်း အဆင့်ဆင့် ဖြေရှင်းပေးသွားမယ်ဆိုရင် ဒီလယ်မြေတွေက ပြန်ရနိုင်ပါတယ်။” လို့ ပြောပါတယ်။

လက်ရှိလယ်ယာမြေတွေကို လုပ်ကိုင်စိုက်ပျိုးနေကြတဲ့ တောင်သူလယ်သမားတွေ အနေနဲ့ကတော့ ဒီလိုမြေယာသိမ်းဆည်းခံရတဲ့ ပြဿနာတွေ ထပ်မံမဖြစ်ပွားရလေအောင် တဖက်တလမ်းမှ အထောက်အထားဖြင့် ကာကွယ်တားဆီးရလေအောင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအသစ်နှင့်အညီ လယ်ယာမြေလုပ်ကိုင်ခွင့် ဆိုတဲ့ဥပဒေအတိုင်း လက်မှတ်တွေ ပြုလုပ်ထားဖို့ လျှောက်ထားဖို့ လိုအပ်နေလို့ တရားလွှတ်တော်ရှေ့နေ ဦးစိန်ကြိုင်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးစိန်ကြိုင်က “ ဒီလိုလာသိမ်းမယ်ဆိုရင် အသိမ်းမခံရအောင် ကျနောတို့ ဒီလယ်ယာမြေ ၂၀၁၂ လယ်ယာမြေ ဥပဒေမှာ ပင်ရင်းပိုင်ရှင် နိူင်ငံတော်ဖြစ်တယ်။ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာစိုက်ပျိုးရေး လယ်ယာေမြေမှာ စိုက်ပျိုးလုပ်ကိုင်နေတဲ့ သူများက ဒီစိုက်ပျိုးဖို့ လုပ်ငန်းများကို လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ပုုိင်ခွင့် အခွင့်အရေးလေးကို လွှဲပြောင်းပေးလျက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအသစ် ရဲ့အားသာချက်အနေနဲ့ကတော့ လယ်ယာမြေတွေကို ရောင်းချခြင်း၊  ပေါင်နှံခြင်း ၊ ဝယ်ယူခြင်းစတာတွေကို ဥပဒေမှာ ထည့်သွင်းပြဌာန်း ထားတာတွေ့ရပါတယ်။

“ဥပဒေ တစ်ခုတော့ ဒီပြဌာန်းတဲ့အခါမှာ အားနည်းချက် အားသာချက် ကောင်းတာဆိုးတာတော့ အမြဲဒွန်တွဲနေတာပေါ့နော် လူမှုဘဝပတ်ဝန်းကျင်မှာ ဒါကြောင့်မို့လို့ ကောင်းတာရှိသလို ဆိုးတာလေး တွေရှိတယ်။ အကျိုးသက်ရောက်မှုရှိသလို အကျိုးလျော့နည်းသွားစေတာတွေ ဖြစ်ပေါ်လာတတ်တယ်ပေါ နော” လို့ ဦးစိန်ကြိုင်က ပြောပါတယ်။

လယ်ယာမြေဥပဒေနဲ့ပတ်သက်လို့ ဒေသခံ ပြည်သူလူထုတွေ သိရှိနားလည်အောင် ကျေးရွာအလိုက် ကျေးရွာအုပ်စုဥက္ကဌတွေကို အသိပညာပေး သင်တန်းတွေ ပေးနေတယ်လို့လည်း သိရပါတယ်။

တောင်သူ လယ်သမားတွေအနေနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ဖို့ သင်တန်း ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာလည်း သင်တန်းတွေ ပေးပြီး လက်ဆင့်ပြန်လည် ပို့ချစေခဲ့ပါတယ်။ ဒါ့အပြင် ဆိုဘောသဲကျေးရွာမှာလည်း ဥပဒေနဲ့ပတ်သက်ပြီး သိရှိနားလည်အောင် ၃ ရက်သာ သင်တန်း ပို့ချသေးတယ်လို့ သိရပါတယ်။