NLD ဆိုင်းဘုတ်တင် အခမ်းအနား ဖွင့်လှစ်ပွဲ ကျေးရွာအလိုက် ကျင်းပ

NLD ဆိုင်းဘုတ်တင် အခမ်းအနား ဖွင့်လှစ်ပွဲ ကျေးရွာအလိုက် ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီ (ကယားပြည်နယ်) မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များက ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ၌ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သွားပါတယ်။

အခမ်းအနားမှာ အဖွဲ့ချုပ် အလုပ်အမှုဆောင် လူငယ်ခေါင်းဆောင်ဖြစ်တဲ့ ကိုသားပုက “ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးကို ဒီမိုကရေစီနည်းကျ ဖော်ဆောင်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လာရောက်ဆိုင်းဘုတ်တင် ရခြင်းဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲကို အခြေခံပြီး ကျနော်တို့ ဒေသအတွင်း ခေါင်းဆောင်မှု ပိုင်းဆိုင်ရာ ရွေးခြယ် တင်မြောက်မှုတွေကို လူထုကနေ ဝိုင်းဝန်းပြီး ကိုယ့်ဒေသကို ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေကို မွေးထုတ်ပေးခြင်းဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ထို့အပြင် ကျေးရွာတိုင်းအတွက် ပညာရေးထောက်ပံ့ငွေ ကျပ် ၁ သိန်းစီကိုလည်း လူငယ်အဖွဲ့ဝင်တွေက ပေးအပ်လှူဒါန်းခဲ့တယ်လို့ ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် နောက်တဦးဖြစ်တဲ့ ဦးခင်မောင်က အခုလို ပြောဆိုခဲ့ ပါတယ်။

“ကျေးရွာအုပ်စုက ကျေးရွာအဖွဲ့ဝင်လိုတဲ့ ရွာခံ ဒေသခံတွေကနေ ဖိတ်ခေါ်တဲ့ ဖိတ်ခေါ်မှုအပေါ် အခြေခံပြီးတော့ ကျနော်တို့ ရပ်ကွက်ကျေးရွာ ဆိုင်ဘုတ်တင် တဲ့အခမ်းအနားကို ရွာခံတွေကနေ အဆင်သင့်ဖြစ်တဲ့ အနေအထားမှာ သွားရောက် ဖွင့်လှစ်ခဲ့ပါတယ်။ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် စုပေါင်းပြီး တော့ ဒေါတမကြီးကျေးရွာ ဒေါဆိုဖျ ဒေါညေးခူမှာရှိတဲ့ ကျောင်းပညာရေးရံပုံငွေကို ကျောင်းအကျိုးတော်ဆောင်လက်ထဲကို တရွာ တသိန်းကူညီပ့ံပိုးခဲ့တယ်”

ဆိုင်းဘုတ်တင် အခမ်းအနားကို ဒေါတမကြီး၊ ဒေါဆိုဖျ၊ ဒေါညေးခူ၊ ဒေါကော့ကျေးရွာနဲ့ ဒေါတချကျေးရွာ တွေမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဒေသခံတိုင်းရင်းသားတွေနဲ့အတူ စုပေါင်းပြီး စိုက်ထူ ဖွင့်လှစ်ခဲ့ကြတာ ဖြစ်ပါတယ်။