နေပြည်တော်တွင် ကျင်းပ ပြုလုပ်မည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာ စားပွဲကို တက်ရောက်ရန် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) အား မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ ယမန်နေ့ ညနေပိုင်းက ဖိတ်ကြားစာ ပေးပို့လိုက်သည်။
ဖိတ်ကြားစာအား အီးမေးလ်ဖြင့် ပို့ခဲ့ကြောင်းနှင့် PSLF အဖွဲ့ အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း အဖွဲ့ ဥက္ကဌ တာအိုက်ဘုန်းက အခုလို ပြောဆိုသည်။
“မနေ့ညက ကျနော် အီးမေလ်လိပ်စာနဲ့ ဖိတ်စာကို ပေးပို့လာတာဖြစ်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီညစာစားပွဲကို တက်ရောက်ဖို့အစီစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရှိနေတဲ့ နယ်မြေထဲမှာ အစိုးရတပ်ဖွဲ့တွေက အကြောင်း မျိုးမျိုးပြပြီး အင်အားတွေ တိုးချဲ့ ချထားနေလို့ဖြစ်ပါတယ်။ ပြီးတော့ စစ်ကြောင်းတွေနဲ့လည်း ကျနော်တို့ ရှိတဲ့နေရာတွေကို စစ်ဆင်နေတယ်။ တဖက်က မီး၊ တဖက်က ရေပေါ့ဗျာ ခြောက်တခါ ချော့တလှည့် နည်းနဲ့လုပ်နေတယ်လို့ဘဲ မြင်ပါတယ်။” ဟု ဆိုသည်။
အစိုးရမှ တည်ခင်းဧည့်ခံသော ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲအား နေပြည်တော်ရှိ သမ္မတ အိမ်တော်ဝင်း အတွင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၁၈ နာရီမှ ၂၁ နာရီထိ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ဧည့်ခံပွဲသို့ တက်ရောက်မည်ဆိုပါက ပလောင် အမျိုးသားဝတ်စုံဖြင့် တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန အတွင်းရေးမှူး ဒုတိယဝန်ကြီး အောင်သိမ်းက ဖိတ်ကြားလွှာတွင် ရေးသားထားသည်။
အစိုးရ၏ ဖိတ်ကြားချက်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးလမ်းကြောင်းသို့ ဦးတည်သည့် ဖိတ်ကြားချက်မျိုး မဟုတ်ကြောင်း၊ နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း တာအိုက်ဘုန်းက အခုလို ပြောဆိုသည်။
“ကျနော်တို့အဖွဲ့နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးခြင်း တခါမှမလုပ်ခဲ့ဘဲနဲ့ ဖိတ်ကြားတာဆိုတော့ စဉ်းစားစရာကို ဖြစ်နေပါတယ်။ ကချင်ပြည်နယ်ဘက်က တိုက်ပွဲသံတွေရပ်တော့ ကျနော်တို့ ဘက်ကို တိုက်ပွဲက အဆင်သင့် ရောက်လာတော့မယ်ဆိုတာ ကြိုပြီးတွက်ထားပါတယ်။ ဖိတ်တာကိုအကြောင်းပြပြီးတော့ ကျနော်တို့လက်မခံတဲ့အတွက် တိုက်တယ်ပေါ့ဗျာ အဲဒီအချိုး မျိုးပါဘဲ” ဟု ဆိုသည်။
အစိုးရဘက်က ယခုကဲ့သို့ ဖိတ်ကြားခဲ့သော်လည်း ဖိတ်စာ မပို့မီ တရက်အလို ဖေဖော်ဝါရီလ (၃) ရက်နေ့က ခြေလျင်တပ်ရင်း ခလရ (၁၃၆)မှ အင်အား ၁၀၀ ကျော် PSLF ၏ အခြေခံ စခန်းဖြစ်သည့် မုန်ဂျီကျေးရွာသို့ ရောက်ရှိခဲ့သည်။
တချိန်တည်းတွင် အစိုးရတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စစ်ကား (၄) စီး လာရှိုးမှ ကွတ်ခိုင်မြို့နယ်သို့ ပို့ဆောင်ခဲ့ရာ ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၄)၊ လက်အောက်ခံ တပ်ရင်း (၂)မှ ပြည်သူ့စစ်တပ်ဖွဲ့နှင့် မုန်ဂျီ-မုန်းပေါ်နေရာ၌ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။
KIA တပ်မဟာ (၄)ဒေသနှင့် PSLF အခြေစိုက်ဒေသဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရမှ စစ်ဗျူဟာ (၃)ခုဖြင့် အင်အားတစ်ထောင်ကျော် ပို့ဆောင် လှုပ်ရှားနေကြောင်း PSLF က ဆိုသည်။



