သယံဇာတ ထုတ်သုံးမှု လူထုဆန္ဒ ပါ၀င်ဖို့ ဆောက်ရွယ်မယ် ဟုဆို

သယံဇာတ ထုတ်သုံးမှု လူထုဆန္ဒ ပါ၀င်ဖို့ ဆောက်ရွယ်မယ် ဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်ရှိ သဘာဝသယံဇာတတွေကို စီးပွားရေးအရ ထုတ်ယူသုံးစွဲမှုနဲ့ ပါတ်သက်ပြီး ပြည်သူလူထု ဆန္ဒတွေပါ၀င်လာနိုင်ဖို့ ဆောက်ရွက်မယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကပြောပါတယ်။

ပြည်နယ်ရှိ သဘာဝသယံဇာတ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင်တွေနဲ့ ကရင်နီလူမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်တွေအကြား ယမန်နေ့က အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ယခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"ဒီအပစ်ခတ်ရပ်စဲရေး မလုပ်ခင် နှစ်ပေါင်းများစွာကတည်းက သစ်ထုတ်လုပ်မူတွေ သတ္တုတူးဖော် ခြင်းလုပ်ငန်းတွေကို လုပ်နေတာကြာပြီ။ တရားဝင်တာတွေရှိသလို တရားမဝင်တာတွေလည်းရှိတယ် စီးပွားရေးတွေ လုပ်ပိုင်ခွင့်တွေပေးထားတယ် ခွင့်ပြုထားတဲ့အပေါ်မှာ လူထုအတွက်ဘယ်လောက် အကျိုးသက်ရောက်မူရှိသလဲ နောက်ပြီး ခိုင်မာတဲ့ အပစ်ခတ်ရပ်စဲရေးအတွက် အာမခံချက်ရှိနိုင်မလား နောက်ပြီး သိသာထင်ရှားလာနိုင်အောင် ဝိုင်းဝန်းသုံးသပ်ပြီး လူထုအတွက် တောင်းဆိုမှုတွေရှိလာနိုင်အောင် ဒီဝပ်ရှော့ကို လုပ်ရခြင်းဖြစ်တယ်" လို့ KNPP မှ ကရင်နီပြည်ထဲရေးဝန်ကြီး ခူထဲဘူးက ပြောပါတယ်။

ယမန်နှစ်က အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် မော်ချီးသတ္တုနဲ့ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ ကျွန်းသစ် ဟောင်းတွေကို ထုတ်လုပ်နိုင်ဖို့ KNPP က ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ကယားဌာနေကုမ္ပဏီနဲ့ တမောထျာကုမ္ပဏီ တို့ကို တရားဝင် ထူထောင်လိုက်ပါတယ်။

ကရင်နီ လူငယ်အစည်းအရုံး KNYO မှ နိုင်ငံခြားရေးတာဝန်ခံ လွီးဇီကလည်း "Natural Resources Management နဲ့ ပတ်သပ်ပြီးတော့မှ ဘယ်လို ပေါလစီတွေကို ချမှတ်မလဲ နောက်ပြီး Natural Resources ကိုကျနော်တို့ Community Development အတွက်လည်းအရေးကြီးတယ် ဒီဟာကို စနစ်တကျ လုပ်ဖို့တွက် ပေါ်လစီတွေကို ချမှတ်ဖို့လိုပါတယ် ဒီပေါ်လစီ မချမှတ်တာတောင်မှ စည်းမျဉ်းစည်းကမ်းတွေ ထွက်လာဖို့ လိုတယ်" လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၇ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ စစ်အစိုးရနဲ့ ထိုင်းအစိုးရတို့ သဘောတူညီချက်အရ ကုမ္ပဏီတွေနဲ့ တသီးပုဂ္ဂလ အဖွဲ့အစည်းများမှ သံလွင်အရှေ့ခြမ်းမှာ သစ်ထုတ်လုပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က KNPP မှ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့စဉ် မတရားသစ်ခုတ်လှဲမှုတွေကြောင့် ချောင်းရေများ ခန်းခြောက်ခြင်းနဲ့ သဘာဝသစ်တောများ ပြုန်းတီးမှုတို့ကို ရင်ဆိုင်ကြံုတွေ့ ခဲ့ဖူးပါတယ်။

KNPP အနေနဲ့ စီးပွားရေးအကျိုး အမြတ်တွေကို လူထုနဲ့ အဖွဲ့အစည်း တဝက်စီ သတ်မှတ်ထားတဲ့ ပေါ်လစီတွေ တိတိကျကျ ရှိထားပြီး အဲဒီပေါ်လစီတွေကို မကြာခင်မှာ အတည်ပြုပြီးရင် ပြည်သူတွေကို ချပြသွားမယ်လို့ ဆိုပါတယ်။

Most read this week