အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဘက် ကိုယ်စားလှယ်များ ယနေ့ နံနက်က ဆွေးနွေးခဲ့သော်လည်း ယမန်နေ့အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲဟု KIA က ဆိုသည်။
ဖားကန့်မြို့နယ် ဆိုင်းရာကျေးရွာ အနီးရှိ ဂေဝှခါနယ်မြေ၌ အခြေချထားသည့် အစိုးရတပ်ဖွဲ့က KIA တပ်ရင်း (၆) တပ်ခွဲ (၉)၏ ညောင်ထောက်စခန်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ဝင်ရောက် သိမ်းပိုက်လိုက်ကြောင်း KIA တပ်ရင်း(၆) ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲက ပြောသည်။

“ကျနော်တို့ တပ်ခွဲ (၉) စခန်းကို သွားရောက် မီးရှို့လိုက်တာပါ။ ဒီနေ့လည်း ဖားကန့်ကနေ ညောင်ထောက် စခန်းဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်နေတုန်း ပါဘဲ။ ဒီစခန်းကနေ ကျနော်တို့လူတွေ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက စွန့်ခဲ့ပြီးသား ဘယ်သူမှ မရှိဘူးလေ။ အဲဒါကို အစိုးရ တပ်က လက်နက်ကြီးငယ်တွေနဲ့ မနေ့ကအပြင်းအထန် ပစ်တယ်။ ပြီးတော့ဝင်သိမ်း ပြီးမီးရှို့လိုက်တာပါဘဲ” ဟု ဆိုသည်။
ယင်းတပ်စခန်းအား အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ( ရ)မှ အင်အား (၁၀၀) ကျော်က ၀င်ရောက်သိမ်း ပိုက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် သောကြာနေ့က ယင်းအဖွဲ့နှင့် KIA တပ်ဖွဲ့တို့ ခါးမော်ကြီးကုန်း၌ (၃)နာရီကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့နံနက်က ဖားကန့် ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ညောင်ထောက် စခန်းဘက်သို့ ပစ်ခတ်နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က (KIA) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) စခန်း ဟောင်းအား အစိုးရတပ်က သိမ်းပိုက်ခဲ့ပြီးနောက် ဖားကန့်ဒေသအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာခြင်း ဖြစ်သည်။
ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေသော်လည်း ယနေ့မနက်ပိုင်းက KIA ငြိမ်းချမ်းရေးအဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ တရုတ်ပြည် ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ တွေ့ဆုံဆွေးနွေး လျက် ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မီဒီယာဆက်သွယ်မေးမြန်းခန်း တခုတွင် ပြောဆိုခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် နှစ်ဖက် စလုံးမှ စစ်ရေးအရှိန် လျော့ပါးစေရန် ရည်ရွယ်၍ တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သတင်း ရပ်ကွက်က ဆိုသည်။
ယနေ့တွေ့ဆုံမှုတွင် KIO ဘက်မှ ဗဟို ဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်ပြီး၊ ဗိုလ်ချုပ်ဂွမ်မော်နှင့် ဒုတိယတန်း အရာရှိများ တက်ရောက်ခဲ့သည်။
အလားတူ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူများအပြင် ယူ နန်ပြည်နယ်မှ တာဝန်ရှိသူများပါ တက်ရောက်ခဲ့ကြောင်း စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ဆိုသည်။ အစိုးရ ကိုယ်စားလှယ် ဘက်ကမူ ဦးအောင်မင်းက ခေါင်းဆောင်ပြီး၊ ဦးအုန်းမြင့်နှင့် ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ကြားခံလူများအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး။ ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းနဲ ့ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ခေါင်းဆောင်တချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသည် အပြုသဘောဆန်ပြီး တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု သိရသော်လည်း အသေးစိပ်ကိုမူ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးကြောင်း UNFC ကဆိုသည်။ အထူးသဖြင့် တိုက်ခိုက်မှုများနှင့်ပါတ်သက်သည့် ကိစ္စများသာဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။



