တတိယတန်း ကျောင်းသူ အဓ္ဓမပြုကျင့်ခံရမှုဖြင့် ရဲစခန်းမှ အမှုဖွင့်

တတိယတန်း ကျောင်းသူ အဓ္ဓမပြုကျင့်ခံရမှုဖြင့် ရဲစခန်းမှ အမှုဖွင့်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဖရူဆိုမြို့ လောဘူးဒါး အ.မ.က ကျောင်းမှ တတိယတန်း ကျောင်းသူ အား စစ်လေ့ကျင့် ရေးကျောင်း ဆောက်လုပ်ရေး အလုပ်သမားတဦးမှ တောထဲသို့ ခေါ်ဆောင်သွားခြင်းနဲ့ ပါတ်သက်လို့ ယမန်နေ့က အဓ္ဓမပြုကျင့်မှုဖြင့် ရဲစခန်းမှ အမှုဖွင့်လှစ် လိုက်ပါတယ်။

“သမီးငယ်လေးက ဆေးရုံပေါ်က မဆင်းရသေးဘူး။ ဆေးရုံက ဆင်းမလာသေးတဲ့ အတွက်ကို ဆေးစာ မရသေးပါဘူး။ ဒါပေမဲ့ လက်ရှိဆရာဝန်ကြီးရဲ့ပြောပြချက်အရတော့ ဒီကလေးကို rape ပေါ့။ မုဒိန်းကျင့်ထားတယ်လို့ အနေအထားတွေတွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီအမှုကို မုဒိန်းမှုနဲ့ ဖွင့်ထားခြင်းဖြစ်ပါတယ်။ မိဘအုပ်ထိန်းမှု ခွင့်ပြုချက်မယူပဲ ယူဆောင်သွားတာက ၃၆၃ လို့ခေါ်တယ် ၃၆၃ မကတော့ဘူးအမှုက မတရား ကြီးသွားတယ်။ ဒါကြောင့်မို့လို့ မုဒိမ်းမှုအဖြစ်အနေနဲ့ အမှုဖွင့်လှစ်လိုက်ခြင်း ဖြစ်တယ်။” လို့ ဖရူဆိုမြို့ စခန်းမှူး ရဲအုပ်မြင့်နိုင်က ပြောပါတယ်။

ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်နေ အသက် ၁၀ နှစ်နဲ့ ၉ လ အရွယ်ရှိ တတိယတန်း ကျောင်းသူ မော်ဘူးဘူးမြာ(နာမည်အရင်းမဟုတ်) ဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ စောင်း စာကျက်ဝိုင်းသို့ သွားချိန်မှာ အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်း ဆောက်လုပ်ရေး ၀န်ထမ်း ပန်ရံအလုပ်သမား ကြယ်စင်မောင်ဆိုသူက တောထဲသို့ အဓ္ဓမ ဆွဲခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

“မျက်မြင်သက်သေက ဒီကလေးနှစ်ယောက်ရှိတယ်လို့ သူ့အတန်းပိုင် ဆရာမက ပြောတော့ ဒီကလေး ၂ ယောက်ကို ခေါ်သွားတယ်။ မနေ့ညက နင်တို့တွေ့တဲ့ မီးငယ်ကို ခေါ်သွားတဲ့လူက သူပဲလားလို့မေးတော့ .. ဟုတ်တယ် မှန်တယ်တဲ့။ နောက်တယောက် ကို ထပ်ခေါ်ပြတယ် ဒီတယောက်ပဲ လားလို့မေးတော့ ဟုတ်တယ် ဒီတယောက်ပဲ ကလေး ၂ ယောက်လုံးကို အတူတူခေါ်ထားတဲ့ ချိန်မှာ မေးတော့ ဒီတယောက်ပဲ မနေ့ည ဒီတယောက်ပဲ ငါတို့ကို စာနဲ့ ပိုက်ဆံ ၂၀၀ ပေးပြီးခိုင်းတာကလည်း ဒီတယောက်ပဲ လို့ပြောတယ်။ (မော်ဘူးဘူးမြာ) ကိုခေါ်သွားတာကလည်း ဒီတယောက်ပဲ လို့ပြောတော့ လူတွေက ထိုးကြိတ်တဲ့ခါမှ ကျနော်ပါပဲလို့ဖြေတယ်။” လို့ မိခင်ဖြစ်သူ ဒေါ်မာဂရိတာက ပြောပါတယ်။

မော်ဘူးဘူးမြာရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနာတရများ တွေ့ရှိရပြီး ယခုဖရူဆိုမြို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ကလေးငယ်မှာ စိတ်ဒဏ်ရာရရှိနေတယ်လို့ ဆွေမျိုးသားချင်း ဖြစ်တဲ့ ဦးစိုးရယ်က ယခုလိုပြောပါတယ်။

“အခုလောလောဆယ်တော့ သူ့အနားမှာ လူတယောက် အမြဲတမ်းထားပေးရတယ် ဘယ်လိုမှခွာထုတ်လို့ မရသေးဘူး။ ဘယ်ချိန်ထိလဲဆိုတာတော့ ကျနော်တို့လည်း ခန့်မှန်းလို့မရဘူး သူအသေ ကြောက်နေတာ တော့ အမှန်ပဲ။”

ကြယ်စင်မောင် ကို ဖရူဆိုမြို့နယ် ရဲစခန်းမှ ထိန်းသိမ်းထားပြီး ကြည်စင်မောင်သည် စစ်ပြေးအဖြစ် ထောင်ဒဏ် ကျခံဖူးသူတဦး ဖစ်ကြောင်း မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြား မရှိသူတဦးလည်း ဖြစ်ကြောင်း၊ အဆိုပါအမှုကိစ္စရပ်များနဲ့ ပါတ်သက်ပြီး တရားစွဲဆိုနိုင်ရန် အတွက် ဖရူဆိုမြို့နယ်ရဲစခန်းမှ ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ရဲအုပ်မြင့်နိုင်က ပြောပါတယ်။

“အားလုံးကို ရဲလုပ်ငန်းနဲ့ ပြည့်စုံအောင်လုပ်ပြီးတော့ အားလုံးဆောင်ရွက်နေပါတယ်။  ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီးတော့ အဲဒီအတွင်းမှာ တရားစွဲတင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။”

မော်ဘူးဘူးမြာ၏ ဆေးစစ်ချက်နှင့် ပတ်သက်၍ ဖရူဆိုမြို့နယ် ဆေးရုံတွင် သွားရောက် မေးမြန်း ခဲ့သော်လည်း ဆရာဝန်များ ၊ သူနာပြုဆရာမများက မီဒီယာများနှင့် ပြောဆိုခွင့် မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။