ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA အဖွဲ့က ဖားကန့်မြို့နယ်ရှိ ရတနာတောင်တန်း ကုမ္ပဏီအား ယမန်နေ့က မီးရှို့ဖျက် ဆီးခဲ့ကြောင်း အစိုးရ၏ပြန်ကြားရေး ဝန်ကြီးဌာနမှ စွပ်စွဲချက်အပေါ် မဟုတ်မှန်ကြောင်း KIA မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှုုးကြီး အင် ခွန်ဇော်ဒွဲက ဆိုသည်။
“ကျနော်တို့ကို စွပ်စွဲလို့ရအောင် သူတို့က ဖန်တီးတဲ့လုပ်ရပ်ဘဲဖြစ်မယ်။ ကျနော်တို့က ၁၉ ရက်နေ့ နောက်ပိုင်းမှာ သေနတ် သံတစ်ချက်မှ မဖောက်ရပါဘူး။ သူတို့တပ်ဖွဲ့က ကျနော်တို့တပ်ဖွဲ့တွေ လာတိုက်တော့မှ ပြန်လည်ပစ်ခတ်ခဲ့တာပါ။ အခုလဲ ကျနော်တို့ တပ်ခွဲ(၂) စခန်းရှိတဲ့ နေရာကို စစ်ကြောင်း(၂) ကြောင်းနဲ့ မနေ့ကတည်းက သူတို့က လိုက်ရှာနေတယ်။ ဒီလို အခြေအနေမှာ မိုင်းထောင်ဖို့ မီးရှို့ဖို့ ဆိုတာမပြောနဲ့ တိုက်ပွဲမဖြစ်ချင်လို့ ကျနော်တို့ တပ်ခွဲ (၂) က လိုက်ပြီး ရှောင်ပေးလိုက်သေး တယ်။” ဟု ဆိုသည်။
http://www.ministryofinformation.gov.mm/index.php/news/local-news/2151-2013-01-29-04-03-11.html
အစိုးရက ယခုကဲ့သို့ စွပ်စွဲပြောဆိုခြင်းမှာ KIA အား အကြမ်းဖက် အဖွဲ့ဖြစ်ရန် တွန်းပို့စေလိုသော ရည်ရွယ်ချက်ပင်ဖြစ်သည်ဟု KIA ဖက်မှဆိုသည်။
အစိုးရ တပ်ဖွဲ့များက ဇန္နဝါရီလ (၁၅) ရက်နေ့ကပင် ဖားကန့်မြို့နယ်ရှိ KIA တပ်ရင်း (၆)၊ လက်အောက်ခံတပ်ခွဲစခန်းများ ရှိသည့် နေရာများကို စစ်ကြောင်း (၃) ကြောင်းဖွဲ့ပြီး အင်အား (၄၀၀) ခန့်ဖြင့် လိုက်လံတိုက်ခိုက် ခဲ့သလို ဇန္နဝါရီလ (၁၈) ရက်နေ့က ဆန်ခါ၊ ကံစီး ကျေးရွာအနီးရှိ KIA တပ်ခွဲ (၃)စခန်းနှင့် တပ်ရင်း(၆)စခန်း ဟောင်းကို အစိုးရတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ပြီးခဲ့သည့်ဇန္နဝါရီလ (၂၃) ရက်နေ့ကလည်း KIA တပ်ရင်း(၆)၏ တပ်ခွဲ(၉)စခန်းကို အစိုးရတပ်ဖွဲ့များ လာရောက်တိုက် ခိုက်ခဲ့သည့်အပြင် ယနေ့နေ့လည်ပိုင်းတွင်လည်း တပ်ခွဲ(၂) စခန်းရှိရာသို့ လာရောက် တိုက်ခိုက်ခဲ့သည်။

အလားတူ ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဧရိယာရှိ တအာင်းပြည် လွတ်လပ်ရေး တပ်ဦး(PSLF) နယ်မြေဖြစ် သော၊ မန်တုံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် အစိုးရ စစ်ကြောင်းများ ထိုးစစ်ဆင်လျှက်ရှိနေသဖြင့် မကြားမီ တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ကြောင်း PSLF အတွင်းရေးမှူး တာဘုန်းကျော်ကဆိုသည်။
“ကွတ်ခိုင် ဘက်မှာစစ်ကြောင်း (၃) ကြောင်း၊ မန်တုံမှာ စစ်ကြောင်း (၃) ကြောင်းနဲ့ နမ်းဆန်ဘက်မှာ စစ်ကြောင်း (၅) ကြောင်းဖြင့် လှုပ်ရှားနေပါတယ်။ ဒီအတိုင်း ဆက်လှုပ်ရှားနေမယ် မရပ်ဘူးဆိုရင်တော့ ကျနော်တို့ဘက်ကလဲ နေလို့မရ တော့ဘူးလေး။” ဟုတာဘုန်းကျော်က ဆိုသည်။
ထို့အပြင်ယနေ့မနက်ပိုင်းက KIA ဌာနချုပ် လိုင်ဇာအနီးရှိ ခါယာဘွမ်တောင်ခြေနှင့် ဘွမ်ရယ် တောင်ခြေရှိ အစိုးရတပ်ဖွဲ့များ အလန့်တကြားပစ်ခတ်ခဲ့ကြောင်း KIA လဝါးယန် တပ်မှူးက ဆိုသည်။
“ဒီနေ့ သူတို့ လှုပ်ရှားမှုတော့ မတွေ့ ရသေးဘူး။ ဒီ မနက်မှာတော့ အဲဒီ ခါ့ယာတောင်ခြေနဲ့ ဘွမ်ရယ် တောင်ခြေဘက်မှာ ဘာတွေ လန့်နေသလဲတော့ မသိဘူး တချိန်လုံး ပစ်ခတ်နေတဲ့ အသံတော့ ကြားနေရပါတယ်။ တိုက်ပွဲ ဖြစ်တာတော့ မဟုတ်ပါဘူး။ တိုက်ပွဲတွေကတော့ သူတို့ မလာဘူးဆိုရင် ကျနော်တို့နဲ့ တိုက်ပွဲဖြစ်စရာအကြောင်းမရှိပါဘူး။” ဟု ဆိုသည်။
KIA ဘက်က တိုင်းရင်းသား တန်းတူရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် တောင်းဆိုနေသော်လည်း အစိုးရဘက်က အပစ်အခတ်ရပ်စဲရေး အရင်ရယူရန် လိုလားနေသည့်အတွက် ရေရှည် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အကဲခတ်များက သုံးသပ်ပြောဆိုသည်။



