လျှပ်စစ်မီးပုံမှန်မရလို့ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာကျက်ရန် အခက်အခဲဖြစ်

လျှပ်စစ်မီးပုံမှန်မရလို့ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာကျက်ရန် အခက်အခဲဖြစ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုနှင့်ဖရူဆိုမြို့တွင် လျှပ်စစ်မီးပုံမှန်မရလို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့် ကျောင်းသားများ စာကျက်မှတ်ဖို့ အခက်အခဲ ဖြစ်နေကြတာကို တွေ့နေရပါတယ်။

ပညာရေးဌာနမှ ကျောင်းဆရာတဦးက “ကလေးတွေစာဖတ်ဖို့က မီးမရှိဘူး။ ဇန်နဝါရီလကုန်ပြီဆိုရင် ကျောင်းသူကျောင်းသားတွေကို စာဖတ်ဝိုင်းတွေ လုပ်ရတော့မယ်။ စခန်းသွင်းတာပေါ့။ စာဖတ်ခိုင်းတယ် ဆရာ/မတွေကို ကြီးကြပ်ခိုင်းတယ်။ တချို့က ဆရာ/မ အိမ်မှာထားမှာလားပေါ့။ ဖယောင်းတိုင်နဲ့ကျတော့ ခေတ္တပဲရမယ်။ တညကို တနာရီ နှစ်နာရီဆို အဆင်မပြေဘူး” လို့ပြောပါတယ်။

ယခင်က လျှပ်စစ်မီး ၂၄ နာရီအချိန်ပြည့်ရရှိခဲ့သည့် ဒီးမော့ဆိုမြို့ နှင့် ဖရူဆိုမြို့က  ယခုလို အလှည့်ကျ ပုံမှန် မီးပျက်နေခြင်းကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်မှ လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်အောင်ကျော်က လောပိတစက်ရုံမှ ကယားပြည်နယ်ကို ဖြန့်ဖြူးထုတ်လုပ်ပေးနေတဲ့ ထရန်စဖောမာက ကြာမြင့်နေပြီဖြစ် တဲ့အတွက် မီးကိုလုံလုံလောက်လောက် မပေးနိုင်ခြင်းဖြစ်ကြောင်း ပြောပါတယ်။

လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်အောင်ကျော်က “လောပိတကနေဖြန့်တဲ့ ထရန်စဖောမာရှိတယ် အဲဒါကြီးက ဝင်အားပြည့်ဖြစ်နေတယ်။ မကြာခင်လဲပါတော့မယ် ထရန်စဖောမာက ရောက်နေပါပြီ ဝန်ကြီးဌာနကို ရောက်နေပါပြီ ထရန်စဖောမာက ကြာနေပြီလေး အဲဒါဝင်အားက တချို့ထရန်စဖောမာ ထက်ပြည့်နေပြီလေး အဲဒါလေးဖြစ်နေလို့ပါ” လို့ ပြောပါတယ်။

လက်ရှိအသုံးပြုနေသည့် ထရန်စဖောမာက နှစ်ကြာနေပြီဖြစ်တဲ့အတွက် ပြန်လည်အစားထိုးပြီးမှ သာလျှင် မီးလုံလုံလောက်လောက် ရရှိနိုင်မယ်လို့ ဦးမြင့်အောင်ကျော်က ဆက်ပြောပါတယ်။

ကယားပြည်နယ်အစိုးရကို ယခုလိုမီး ပျက်ခြင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်ကြည့်ရာမှာ မီးကြိုးတွေက ပြုပြင်နေဆဲ ဖြစ်တဲ့ အချိန်လည်းဖြစ်လို့ ယခုလို ခေတ္တ ကြံုတွေ့နေရခြင်းဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

ဝန်ကြီး ဦးစောဟူးဟူးက “မီးလိုင်းကြိုးတွေက ဂျပန်ခေတ်ကတည်းကဆိုတော့ quality နှိမ့်သွားပြီ။ တချို့က မီးကြိုးလေးတွေက ပေးနိုင်တယ် အဲဒီအပေါ်မှာမူတည်ပြီး တပြိုင်တည်း  တည်းဖြတ်တာမဟုတ်ပဲ ရက်ခြားဖြတ်ပြီး ကြိုးလိုင်းတွေ လည်နေတယ်။ အဲဒီအပေါ်မှာမူတည်ပြီး မီးအားတော့ ခဏတော့ ပြတ်တာတွေဖြစ်နိုင်တယ်။ ဒါပေမဲ့ ပြည်သူတွေကို နှစ်ရှည်လများ မီးပိတ်ပြီးတော့ မဖြစ်အောင် နည်းနည်းပြတ်တောက် ပြတ်တောက်တော့ ခံရမှာပဲ” လို့ ပြောပါတယ်။

ဒီးမော့ဆိုနှင့်ဖရူဆိုမြို့မှာ လျှပ်စစ်မီး မနက်တကြိမ် ညတကြိမ်မီးပျက်နေတဲ့အတွက် ယခုလို အချိန်ကာလမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုုသူ ကျောင်းသူ၊ ကျောင်းသားများ စာကျက်ဖို့အတွက် အခက်အခဲဖြစ် နေကြသလို အခုလို လျှပ်စစ်မီး ပုံမှန်မရတာ ၃ လကျော်ရှိနေပြီဖြစ်ပါတယ်။