ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်မှ အသက် ၁၁ နှစ်ရှိ ဆယ်ကျော်သက်အရွယ် ကလေးမတဦးကို စစ်လေ့ကျင့် ရေးကျောင်း တည်ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားတဦးက အဓမ္မပြုကျင့်ခဲ့တယ် လို့ ဒေသအတွင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒေသတွင်း အခြေစိုက် အမှတ် (၁၄) စစ်လေ့ကျင်းရေးကျောင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ အလုပ်သမားတဦးက ယခုလ (၂၄) ရက်နေ့မှာ တောထဲခေါ်ဆောင်ပြီး ပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက သံသယရှိနေကြောင်း ဖရူဆိုမြို့နယ်မှ ဓမ္မဆရာတဦးဖြစ်သူ ဦးသဲရယ်က အခုလို ပြောပါတယ်။
“အဲဒီကလေးမလေးကို တညလုံးခေါ်သွားပြီးတော့မှ ကလေးမလေးလည်း အတင်းအဓမ္မပြုကျင့်ခံရတဲ့ သက်သေသာဓကကိုတော့ တွေ့ရှိခဲ့တယ်။ ဒါပေမယ့်လို့ ဆရာဝန်ရဲ့ဆေးစစ်ချက်ကို ကျနော်တို့ ထပ်ပြီးစစ်ဆေးနေတယ်။ အခုချက်ချင်းတော့ ကျနော်တို့ အတည်ပြုလို့မရသေးတဲ့ သဘောမှာရှိတယ်။” လို့ ဓမ္မဆရာ ဦးသဲရယ်က ပြောပါတယ်။
ယခုကိစ္စနဲ့ ပတ်သက်လို့ ဖရူဆိုမြို့နယ် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူ တဦးက “ဟုတ်ပါတယ် ခင်ဗျား။ အဲဒါ rapes case ပါခင်ဗျား rapes case ပါ။ စခန်းမှူးနဲ့လာတွေ့လိုက်ပါ ဒီဖြစ်စဉ်ကတော့ အမှန်အကန်ပါပဲခင်ဗျား” လို့ ပြောပါတယ်။
ကျုရှင်သွားတဲ့ အဆိုပါ ကလေးမ ည (၈) နာရီအချိန်အထိ အိမ်ပြန်ရောက်မလာသဖြင့် မိဘ ဆွေမျိုးများက တညလုံး လိုက်လံ ရှာသော်လည်း မတွေ့ခဲ့ဘဲ (၂၅) ရက်နေ့ မနက်ကျမှသာ အမှတ်(၁၄) စစ်လေ့ကျင့် ရေးကျောင်းမှ ဆောက်လုပ်ရေး လုပ်သားတဦးက ခေါ်ဆောင်သွားကြောင်း သတင်းရသဖြင့် သွားရောက်စုံ စမ်းရာမှ သိခဲ့ရကြောင်း ဆရာဦးသဲရယ်က အခုလို ပြောပါတယ်။
“တပ်ထဲကို သွားပြီးတော့မှ စုံစမ်းကြည့်တော့ အလုပ်သမားတယောက် တကယ်ပျောက်နေတယ်ဆိုတဲ့ သတင်းကြားတဲ့အခါကျတော့ သူတို့ အဖွဲ့ခေါင်းဆောင်က လိုက်ရှာတယ်။ အလုပ်သမားကိုတွေ့တယ် သူက ကလေးမကို ကြိုးဖြေထားခဲ့တာကိုတွေ့ပြီး သူက ပြန်သွားဖို့ ကားသွားစောင့်နေတာကို မြင်လိုက်ရတယ်။ သူနေတဲ့နေရပ်ဇာတိကို ပြန်ဖို့ လမ်းဘေးမှာစောင့်နေတာ။ အဲဒါနဲ့ အဖွဲ့ခေါင်းဆောင် ကိုစိုးဌေးက သူ့လူ ကြယ်စင်မောင်ကို ဆိုင်ကယ်နဲ့သွားပြန်တင်လာတယ်။ ဒီကိုခေါ်လာပြီး ကလေးမရဲ့ ရွယ်သူကလေး သူငယ်ချင်းတွေကို ပြန်လာပြတယ်။ မနေ့က ခေါ်သွားတဲ့ သူက အဲဒီလူလားပေါ့ ဟုတ်လား၊ မဟုတ်လား ဆိုတာမေးတော့ ကလေးတွေက အဲဒီလူပဲလို့ ဖြေကြတယ်။ အဲဒါနဲ့ ကြိုးနဲ့ချည်ပြီးတော့မှ ဖမ်းချုပ်ထားလိုက်တယ်။”
အဆိုပါ ကလေးမအား အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်း အနီးတွင် ပြန်လည်တွေ့ရှိခဲ့ပြီး လောလော ဆယ်တွင် ဆေးရုံတင်ထားကြောင်းနှင့် ဆရာဝန်၏ ဆေးစစ်ချက်ကိုစောင့်နေကြသလို မသင်္ကာသူအလုပ် သမားအား ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
ယခု ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသက် (၁၁) ရှိ ကလေးမ၏ နာမည် အပါအဝင် မိဘတွေရဲ့ နာမည်တွေကို ဖော်ပြခွင့် မရှိသလို ဆရာဝန်ရဲ့ ဆေးစစ်ချက်နဲ့ ရဲစခန်းရဲ့ တွေ့ရှိချက်တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါ တယ်။



