KNPP အပစ်ရပ်ပြီးနောက် လွှတ်တော်တွင် အဆိုတင်သွင်းသည့် ကိစ္စများ ပိုအဆင်ပြေလာ

KNPP အပစ်ရပ်ပြီးနောက် လွှတ်တော်တွင် အဆိုတင်သွင်းသည့် ကိစ္စများ ပိုအဆင်ပြေလာ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေးပြုလုပ် ထားသည့် ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေမှာ ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အဆိုတင် သွင်းတာတွေ မေးခွန်းမေးတာတွေ အရင်ကထက် ပိုအဆင်ပြေလာတယ်လို့ သိရပါတယ်။

ပထမအကြိမ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှာ သံလွင်တံတား တည်ဆောက်နိုင်ခြင်းနဲ့ ပတ်သက်တဲ့ အဆိုတင်သွင်းခဲ့ရာမှာ ၀န်ကြီးဌာနတွေက ပြန်လည် ဖြေကြားပေးတာ မရှိခဲ့ပေမယ့် KNPP နဲ့ အစိုးရကိုယ်စား လှယ်တို့ တွေ့ဆုံဆွေးနွေးရေးတွေ ပြုလုပ်ပြီးချိန်မှာ သံလွင်တံတားတည်ဆောက်ဖို့ကိစ္စနဲ့ နယ်စပ်ကုန်သွယ်် ရေးစခန်း ဖွင့်လှစ်နိုင်ရေးတို့အတွက် ထပ်မံမေးမြန်းရာမှာ လွှတ်တော်က ပြန်လည်ဖြေဆိုလာခဲ့တယ် လို့ ဒီးမော့ဆိုမြို့နယ် အမှတ်(၃) မဲဆန္ဒနယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘိုးရယ်က ပြောပါတယ်။

“ပြောရမယ်ဆိုရင် ကျနော်တို့ဒီမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ပေါ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး လာတဲ့အချိန်ဆိုတော့ အဆင်ပြေသွားတာပေါ့ ကျနော်တို့အများကြီးကျေးဇူးတင်ရ တော့ အများကြီးအထောက်အကူဖြစ်သွားတယ်။ ချက်ချင်းပဲ အကောင်အထည် ဖော်ပေးတဲ့သဘောပေါ့။ ဒါတွေကို တိုင်းတာနေပြီ အဆိုအနေနဲ့ ပေါ့ ကျနော်တို့ အောင်မြင်မှု တခုရတာပေါ့။ ဒီကယားပြည်နယ် ဖွံ့ဖြိုးရေးအတွက် အဓိက ဒီအဆိုတခုတော့ အောင်သွားပြီဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းပေါ့၊ ဆောင်ရွက်နေပြီ ချက်ချင်းဖွင့်ဖို့တော့ မဖြစ်နိုင်သေးဘူး နှစ်ဖက်နှစ်နှစ်ငံက ညှိနှိုင်းရအုံးမယ်။” လို့ ပြောပါတယ်။

ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာလည်း ယခင်ကထက် အဆင်ပြေလာတယ်လို့ သိရပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က “ဒီလိုအပစ်အခတ်ရပ်စဲတယ်ဆိုတော့အခုက အရင်ကထက် စာရင်တော့ ကျနော်တို့က လုပ်ရကိုင်ရတာ သွားရလာရတာ အားလုံးကချောမွေ့လာပြီ။ နောက် ဒေသလည်း အထိုက်အလျောက်တော့ ဖွံ့ဖြိုးလာတယ်။ သူတို့အနေနဲ့ ဒီလိုထပ်ပြီးပြည်ထောင်စု နဲ့ဆွေးနွေး ပြီး ကျနော်တို့ ဒေသဖွံ့ဖြိုးရေးထပ်လိုတဲ့ဟာ ဥပမာ လျှပ်စစ်မီးပြည်သူတွေ လိုလားတဲ့ဟာပေါ့ အဲဒါတွေလည်း ကျနော်တို့လည်းတင်ထားတယ် KNPP အနေနဲ့လည်းတင်ပြတယ် ဆွေးနွေးတယ် ဆိုတော့ ပိုထိရောက်တယ် အကုန်လုံး ကျနော်တို့ဘက်လည်း ကျနော််တို့ တာဝန်ရှိတဲ့အတိုင်း ကျနော်တို့ဆောင်ရွက် မယ်” လို့ ပြောပါတယ်။

ယခု နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေးမှာတော့ ကယားပြည်နယ် အတွက် အဆိုတင်သွင်းခြင်း မေးမြန်းခြင်း အစီအစဉ် တိတိကျကျ မပြောနိုင်သေးကြောင်း ပြောပါတယ်။