ဖားကန့် ဒေသအတွင်း တိုက်ပွဲဖြစ်နေဆဲ

ဖားကန့် ဒေသအတွင်း တိုက်ပွဲဖြစ်နေဆဲ
by -
ရွှေဟင်္သာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံစီး ဒေသ၌ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောဆိုသည်။

“ဒီနေ့ ကံစီးဘက်မှာ ကျနော်တို့ တပ်ရင်း (၆)၊ တပ်ခွဲ (၃) တပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ နာရီ ဝက်လောက်ဖြစ်ပြီး နှစ်ဖက်စလုံး ပြန်ခွာလိုက်ကြတယ်။ ကျနော်တို့လဲ တက်သွားတယ်၊ သူတို့ဖက်ကလဲ တက်လာတယ် တည့်တည့် တိုးတော့ ပစ်ခတ်မှုတွေ ဖြစ်သွားတာပါ။ ထိခိုက်မှုတော့ ရှိဟန်မတူပါဘူး” ဟု ဆိုသည်။

KIA တပ်မဟာ (၂)၊ တပ်ရင်း (၆) ၏ တပ်ခွဲ (၃) စခန်းဖြစ်သည့် ကံစီး (ဆန်ခါ) တပ်စခန်းအား အစိုးရဘက်မှ အပစ်ရပ် ထားရန် ကြေငြာချက် ထုတ်ပြန်သည့် ည ၁၀ နာရီအချိန်က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

အစိုးရတပ်က ယင်းစခန်းအား သိမ်းပိုက်လိုက်သော်လည်း စခန်းအတွင်း တပ်စွဲထားခြင်းမရှိဘဲ အနီးရှိ ကျေးရွာများအတွင်း အခြေချ နေထိုင်လျက် ယင်းတပ်စခန်းသို့ မကြာခန တက်ရောက် ရှင်းလင်းနေသဖြင့် ယခုကဲ့သို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်း KIA ဘက်က ပြောဆိုသည်။

အလားတူ လွန်ခဲ့သည့် ဇန္နဝါရီလ (၁၅) ရက်နေ့က KIA တပ်ရင်း (၆) စခန်းတဝှိုက်သို့ အစိုးရက တပ်အင်အား (၃) တပ်ရင်း ရောက်ရှိခဲ့ရာ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံရွာသား (၄၀၀၀၀) ခန့် မြို့ပေါ် ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အစိုးရ တပ်ဖွဲ့ဘက်က ရည်ရွက်ချက် ဘယ်လိုရှိတယ် ဆိုတာ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့နဲ့ ၂ ဖာလုံ အကွာ အဝေးမှာ နေရာယူထားတယ်။ (၇) ရက်ရှိသွားပြီ။ အဲတာကြောင့် ရွာသားတွေက ရွာထဲမှာ မနေရဲတော့ဘဲ ဖားကန့်၊ လုံးခင်းနဲ့ ဆိုင်းတောင်ဖက်မှာ ဒုက္ခသည်အဖြစ် သွားရောက် ခိုလှုံတာ (၄၀၀၀၀) လောက် ရှိသွားပြီးလို့ သိရပါတယ်။” ဟု KIA တပ်ရင်းမှူးက ဆိုသည်။  

အစိုးရ တပ်ဖွဲ့မှ KIA  တပ်ရင်း (၆) တပ်စခန်းအား စစ်ကြောင်း ၂ ကြောင်းဖြင့် ဇန္နဝါရီလ (၁၅) ရက်နေ့ ကတည်းက တိုက်ခိုက်ခဲ့သလို ဇန္နဝါရီလ (၁၆) ရက်နေ့က ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မော်ဝမ်းကျေး ရွာရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့သည်ဟု KIA ဘက်က ပြောဆိုသည်။  

ဖားကန့်မြို့ လက်နက်ကြီး ဗျူဟာကုန်းမှ KIA တပ်ဖွဲ့များ ရှိနိုင်သည့် နေရာများသို့ ခန့်မှန်းပြီး ပစ်ခတ်နေသော်လည်း KIA က စခန်းသေမထားဘဲ စခန်းဖျောက်၍ လှုပ်ရှားနေကြောင်း သိရသည်။  

Most read this week