ပထမဆုံး အကြိမ် ကယားပြည်နယ်လုံးဆိုင်ရာ အမျိုးသမီး ညီလာခံ ကျင်းပရန်ရှိ

ပထမဆုံး အကြိမ် ကယားပြည်နယ်လုံးဆိုင်ရာ အမျိုးသမီး ညီလာခံ ကျင်းပရန်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မတိုင်မှီ အကြိုပြည်ထောင်စုနေ့ကို အမည်ပြုပြီး ကယားပြည်နယ်အမျိုးသမီး အဖွဲ့အစည်း များအားလုံးစုပေါင်းကာ ပထမဆုံး အကြိမ် အမျိုးသမီး ညီလာခံတရပ် ပြုလုပ်သွားရန်ရှိကြောင်း WOMEN’S GALAXY မှ မမူဆိုင်းက ပြောပါတယ်။

အမျိုးသမီးများအနေနဲ့ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးကို လက်ရှိအစိုးရ အဖွဲ့များက တကယ့်နိုင်ငံရေးစားပွဲဝိုင်းတွေမှာ အမှန်တကယ် အသေအချာဆွေးနွေးလုပ်ဆောင်နိုင်ဖို့ရန် အတွက် ကယားပြည်နယ်ရှိ အမျိုးသမီးတွေကနေ ဦးဆောင်ပြီး ၎င်းညီလာခံကို လုပ်ဆောင်မှာဖြစ်တယ်လို့ WOMEN’S GALAXY မှ မမူဆိုင်းက ပြောပါတယ်။

“အဓိကတော့ လက်ရှိအစိုးရ ကနေပြီးတော့မှ ဒီနိုင်ငံရေး ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေရဲ့ အရေးကို စားပွဲ မှာပြောလာနိုင်အောင် တိုင်းရင်းသား ငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီးတော့ မှလည်း သေသေချာချာသူတို့ လုပ်နိင်အောင် ပြီးတော့မှ တိုင်းရင်းသား တန်းတူညီမျှရေးကို နိုင်ငံရေးစားပွဲဝိုင်းမှာ အခုသေချာပြော နိုင်အောင် သေချာလုပ်ဆောင်နိုင်အောင် အခု ဆိုလို့ရှိရင် လုပ်ဆောင် တယ်လို့ပြောတယ် ဒါပေမဲ့စကား လောက်ပဲရှိတယ်။ ဒါပေမဲ့ အစ်မတို့တွေကနေပြီးတော့ သေသေချာချာ လုပ်ခိုင်းစေချင်တယ် ဒါကြောင့်မို့လို့ ဒီကိစ္စလိုမျိုးဖြစ်လာအောင် ဒီကယားပြည်နယ် အမျိုးသမီးကနေပြီးမှ ဦးဆောင်ပြီး တခြား တိုင်းရင်းသားတွေ ပြည်နယ်မှာရှိတဲ့လူ တွေကိုလည်း ဒီလိုမျိုးအားပေးတဲ့အနေနဲ့ပေါ့နော ဖြစ်စေချင်တယ်။”

ညီလာခံမှာ အမျိုးသမီးနှင့် ဖယ်ဒရယ်ခေါင်းစဉ်ဖြင့် ဖယ်ဒရယ်စနှစ် ကိုဦးတည်ကာ ပြောဆိုဆွေးနွေးသွား ကြမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဘာဖြစ်လို့လဲဆို တော့ အခုဆိုလူတွေက ဖက်ဒရယ်လို့ပြောလိုက်ရင် ကြောက်နေကြတယ်။ အဲဒါကို အစ်မတို့က ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ နိုင်ငံရေးဆွေးနွေးတဲ့ခါမှာ ဖက်ဒရယ်ဆွေးနွေးတဲ့ခါမှာ မကြောက်ကြနဲ့ ပေါ့နော ဖက်ဒရယ်ဟာ ခွဲထွက်ရေးမဟုတ်ဘူး။ အဲဒါကိုအစ်မတို့အနေနဲ့ လူထုတွေကိုပြောပြ ချင်တယ်။ ပြီးတော့ဒီမီဒီယာနဲ့လည်း သိအောင်ပြောပြချင်တယ်။ မီဒိယာနဲ့လည်းပူးပေါင်းပြီးတော့ပေါ့.နော၊ ဖက်ဒရယ်ရဲ့အနှစ်သာရ တွေကိုပြောပြချင်တယ်။” လို့ မမူဆိုင်းကဆက်ပြောပါတယ်။

အခုကျင်းပမယ့် ကယားပြည်နယ်လုံးဆိုင်ရာ အမျိုးသမီး ညီလာခံကြီးဟာ ကယားပြည်နယ်မှာ ပထမဆုံး အကြိမ် ကျင်းပခြင်းဖြစ်တာကြောင့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ကရင်နီပြည်လုံးဆိုင်ရာ အမျိုးသမီး တွေ့ဆုံပွဲ အနေအထားလောက်သာ ပြုလုပ်သွားနိုင်ဖွယ် ရှိသေးတယ်လို့ KSY အတွင်းရေးမှူး မအယ်ဗာလင်းကပြောပါတယ်။

“အခုကတော့လေ ညီလာခံရယ်လို့တော့မဖြစ်နိုင်သေးဘူးပေါ့ သို့ပေမဲ့လည်း ပြည်ထောင်စုစိတ်ဓါတ်နဲ့ ကရင်နီပြည်လုံး ဆိုင်ရာအမျိုးသမီးတွေ့ဆုံပွဲပေါ့။ အဲဒီအဆင့်လောက်ပဲ သွားလိမ့်မယ်။ အဓိကတော့ ဒီကရင်နီရဲ့သမိုင်းတွေ ဖယ်ဒရယ်ရေးရာရယ် နောက် ၂၀၀၈ ဖွဲ့စည်းပုံမှာ အမျိုးသမီး အခန်းကဏ္ဍတွေကို သုံးသပ်သွားမယ့် အစီအစဉ်ရှိလိမ့်မယ်” လို့ပြောပါတယ်။

ယခုကျင်းပမယ့် အမျိုးသမီးညီလာခံကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပ သွားမှာဖြစ်ပြီး ပြည်ထောင်စုနေ့ မတိုင်မှီ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့တွင်ပြုလုပ်သွားရန် ရာထားကြောင်း သိရပါတယ်။ ပြည်ထောင်စုနေ့ဖြစ်သည် ၁၂ ရက်နေ့မှာတော့ STATEMENT (ကြေညာချက်) တစောင် ထုတ်ပြန်နိုင်ရန်ရည်ရွယ်ထားပြီး တဆက်ထဲမှာပဲ သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။