ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အား ဇန္နဝါရီလ (၂၁) ရက်နေ့ နောက်ဆုံးထား စစ်ဆင်ရန် အစိုးရတပ်က ညွှန်ကြားထားကြောင်း သိရသည်ဟု KIA အရာရှိ တဦးက ဆိုသည်။
“အစိုးရ ဖက်က အမိန့်ပေး ထားတာက စခန်းသိမ်းတိုက်ပွဲကို ယနေ့ (၂၀) ရက်နေ့ ညမှ စ၍ ၂၄ နာရီအတွင်း အပြီးသတ် ထိုးစစ်ဆင်သွားဖို့ ညွှန်ကြားထားတာ ရှိတယ်လို့ သိရတယ်လေ။ သဘောက နိုင်ငံတကာကနေ ဖိအား အတော်ပေးခံ နေရပုံပါတယ်။ ပြီးတော့ လိမ်တယ်လေ၊ တဖက်က အပစ်ရပ်ပြီလို့ ပြောနေတဲ့အချိန်မှာ တဖက်က အပြင်းအထန်ကို စစ်ဆင်နေတယ်ဆိုတဲ့ ပြင်ပမီဒီယာတွေကလည်း ပြောနေတော့ပေါ်ကုန်တာပေါ့။ ဒါကြောင့် နောက်ဆုံး ညွှန်ကြားတာဖြစ်မယ်” ဟု ဆိုသည်။
အထက်ပါ ညွှန်ကြားချက်နှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရရှိသေးပါ။
ဇန္နဝါရီလ (၁၉) ရက် မနက် (၆) နာရီမှ စတင်၍ လဂျားယန် ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်းထားမည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သော်လည်း ဇန္နဝါရီလ (၁၉) ရက်နှင့် (၂၀) ရက်နေ့များ အထိ ယင်းဒေသ တဝှိုက်တွင် အစိုးရတပ်က စခန်းသိမ်း ထိုးစစ်ဆင် တိုက်ပွဲများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း KIA ၏ ဇန္နဝါရီလ (၂၀) ရက်နေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လဂျားယန် စခန်းကုန်းရှိ အစိုးရတပ်များသည် ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲပိုင်းမှ စတင်၍ KIA ၏ ခါရာစခန်း အား ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂၀ ရက် မနက်နှင့် မွန်းလွဲပိုင်းအချိန် အထိ အရှေ့၊ အနောက်နှင့်မြောက်ဖက် ဒေသများမှ ဆက်လက် တိုက်ခိုက်နေကြောင်း သိရသည်။
အလားတူ ညနေ ၆း၃ဝ အချိန်ခန့်က လဂျားယန် တောင်ခြေရှိသော လဝါယန်စခန်းအနီးမှ အစိုးရ တပ်ဖွဲ့သည် လိုင်ဇာဘက်သို့ ထိုးဖေါက်ရန် ကြိုးစားစဉ် မိုင်းကွင်းအတွင်း ကျရောက်၍ KIA တပ်ဖွဲ့၏ ချေမှုန်း ခံခဲ့ရကြောင်း KIA အရာရှိက ဆိုသည်။
တချိန်တည်းတွင် ခါရာဘွမ် သိမ်းပိုက်ရေး စီမံချက်နှင့်အတူ ပန်ဝါဒေသ နယ်ခြားမှတ်တိုင် အမှတ် (၆) တပ်စခန်းအား သိမ်းပိုက်ရန် အမိန့်ပေးထားသည်ဟု သိရကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောဆို သည်။
ဇန္နဝါရီလ (၂၁)ရက်နေ့ မနက်မှစ၍ အစိုးရ လက်နက်ကြီး တပ်ဖွဲ့သည် စိန်လုံတောင်မှ မိုင်ဂျာယန်အနီးရှိ Maga Hket, Yaw Yung, Lagat Bum, Jan Mai ဒေသများသို့ ပစ်ခတ်နေသလို မိုင်ဂျာယန်နှင့် ခါရာတောင် ကျောကိုလည်း ပစ်ခတ်နေကြောင်း သိရသည်။
ဒီဇင်ဘာလ ကုန်ပိုင်းမှ စတင်ခဲ့သော လဂျားယန်ဒေသ ထိုးစစ်တွင် ပခုက္ကူ အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ(၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းများ ပါ၀င် ကြောင်း သိရပြီး ခလရ (၂၅၂)နှင့် (၂၅၈)မှ တပ်ရင်းမှူး နှစ်ဦး ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း KIA ဖက်က ပြောဆိုသည်။
နောက်ဆုံးရသည့် သတင်းများအရ ယနေ့နံနက် (၇) နာရီမှ ညနေ (၅) နာရီအချိန်အထိ KIA တပ်စခန်းရှိရာ ခါရာ တောင်ကုန်းအား အစိုးရဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရပြီး မည်သည့်စခန်းမှ ဆုတ်ခွာခြင်းမရှိသေးကြောင်း KIA ဘက်က ပြောဆိုသည်။



