ရေအားလျှပ်စစ် ကုမ္ပဏီမှ နန်းဖဲရွာအတွက် လျှပ်စစ်မီးနှင့် လမ်း လှူဒါန်းမည်

ရေအားလျှပ်စစ် ကုမ္ပဏီမှ နန်းဖဲရွာအတွက် လျှပ်စစ်မီးနှင့် လမ်း လှူဒါန်းမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာတွင် အသေးစား ရေအား လျှပ်စစ် စက်ရုံတခု လှူဒါန်းမည်ဟု လောပိတ အမှတ် (၃) ရေအားလျှပ်စစ် တည်ဆောက်နေတဲ့ အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်က လက်ထောက်အင်ဂျင်နီယာ (AE) ကိုလှမင်းထွေးက ပြောပါတယ်။

“တစ်နှစ်ဆိုရင် ရေက ဘယ်လောက်စီးဆင်းလဲ ဆိုတာတွေ သွားတိုင်းတယ်။ နန်းဖဲချောင်းမှာပါ ကျနော်တို့ ကုမ္ပဏီက သွားတိုင်းတာ၊ လှူတာပါ။ သူတို့က ဝန်ကြီးကိုတောင်းဆိုတာ ကျနော်တို့က သွားလှူပေးမှာပါ။ အဲဒီဒေသအတွင်းတော့ သုံးလို့ရမယ် ရွာတရွာအတွက် သုံးလို့ရမယ်” လို့ ပြောပါတယ်။

အသေးစား ရေအားလျှပ်စစ် ထုတ်ပေးနိုင်တဲ့ စက်ရုံတည်ဆောက်ဖို့ အတွက် လျှပ်စစ်အင်ဂျင်နီယာတွေ နန်းဖဲချောင်းကို သွားရောက် လေ့လာပြီး တိုင်းတာမှု သုံးကြိမ် ပြုလုပ်ပြီးကြောင်း သိရသလို တနှစ်ပါတ်လုံး မီးရရှိရေးအတွက် အခက်အခဲ ရှိတယ်လို့လည်း ပြောပါတယ်။  

“တခု အခက်အခဲရှိတာက နွေရာသီဆိုရင် ဒီစက်တွေက လည်လို့မရဘူး အဲဒီချောင်းက ရေက ရေအားနည်းတယ်။ နွေကော မိုးကောဆောင်းကော လည်လို့ရရင် ကောင်းတယ် စက်ကြီး သွားထားပြီး နွေမှာ မရဘူးဆိုရင် မတန်ဘူး။ ဒါကြောင့် ပိုအဆင်ပြေနိုင်မယ့် နေရာကို လိုက်ရွေးနေတယ်။ အမှန်ကတော့ ဖြစ်စေချင်တာက ၁၂ ရာသီလုံး လည်နိုင်တဲ့ အနေအထားဆို ပိုကောင်းတာပေါ့” လို့ ကိုလှမင်းထွေးက ပြောပါတယ်။

ထို့အပြင် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရာတွင် အသုံးပြုရန်် လမ်းကြောင်း အပါအဝင် နန်းဖဲကျေးရွာနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေဖို့ ယင်းကုမ္ပဏီမှ အကုန်အကျခံ၍ လမ်းဖောက်လုပ်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီမှ အငယ်တန်း အင်ဂျင်နီယာ (SAE) ကိုဂေးဒီယန်ဆော်ရယ်က ပြောပါတယ်။

ကိုဂေးဒီယန်ဆော်ရယ်က “ လမ်းသွားဖောက်မယ့် သောခူရွာကိုလည်း ၆ ပေလမ်း ကျနော်တို့ လုပ်မယ်။ အဲဒါဆိုရင် သံပိုက်တွေ ပစ္စည်းတွေဘာတွေ လုပ်ဖို့ သယ်ဖို့ လွယ်ကူတယ် တလမ်းသွားလေးပါ။ နန်းဖဲဘက်မှာ လမ်းလှူမယ် လမ်းပန်းဆက်သွယ်ရေး အတွက်ပေါ့။ ရွာတချို့နေရာလည်းသူတို့ လူနဲ့သွားတယ် တချို့နေရာ လည်း အဆင်ပြေသွားမယ် ဘေးပတ်ဝန်းကျင်က ရွာတွေပေါ့” လို့ ပြောပါတယ်။

နန်းဖဲရွာရဲ့ အနောက်ဘက်ခြမ်းမှာ ဖောက်လုပ်မယ့်လမ်းက ဒေသခံတွေ တောင်းဆိုချက် အရ ခန့်မှန်းခြေ မိုင် ၂၀ လောက်ရှိမှာဖြစ်သလို ကျောက်ချောလမ်း ခင်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုတည်ဆောက်ပေးမယ့် အသေးစား ရေအားလျှပ်စစ်စက်ရုံကနေ Power 500/600 KW ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ကျေးရွာအတွက် အသုံးပြုဖို့သာ ဖြစ်တယ်လို့ သိရပါတယ်။