အစိုးရက လဂျားယန် စစ်မျက်နှာကို ပြင်းထန်စွာ စစ်ဆင်

အစိုးရက လဂျားယန် စစ်မျက်နှာကို ပြင်းထန်စွာ စစ်ဆင်
by -
ရွှေဟင်္သာ

ဗန်းမော်-လိုင်ဇာ လမ်းကြောင်းပေါ်ရှိ လဂျားယန် စစ်ဆင်ရေးတွင် အစိုးရတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် လက်ရှိနေရာမှ ဆုတ်ခွာခဲ့ကြောင်း လဂျားယန်ဒေသ စစ်မျက်နှာတွင် ဦးစီးကွပ်ကဲနေသူ KIA အရာရှိတဦးက ပြောဆိုသည်။

“ဒီလိုပါဗျ။ ညကတည်းက သူတို့ဆိုင်ထားတာ။ မနက် (၄) နာရီလည်းရောက်ရော စပြီးတိုက်လိုက်တာ ခေါင်းကို ဘီး ဖီးသလို ခပ်စိပ်စိပ်ပေါ့။ ဘဲအုပ် မောင်းသလိုမျိုး။ လူတွေကို တန်းစီပြီးကို တက်တိုက် လာတာပေါ့။ လက်နက်ကြီးတွေ ရော လေယာဉ်တွေရော တနေ့လုံး မနားတမ်းကို ပစ်တာပါဘဲ။ အဲဒါနဲ့ ညနေ (၃) နာရီလောက်မှ ကျဲသွားတာ။ အဲဒီတော့ တန်းစီပြီးတက်လာ ကတည်းက ဆိုတော့ သေတာ၊ ထိတာတွေက အတုံးအရုံး ပါဘဲဗျ။ တွေ့နေရတယ်။ နောက်ဆုံးကျတော့ ကျနော်လို့လူတွေ က မပစ်နိုင်တော့တဲ့အထိ ဖြစ်လာတယ်ဗျ။ အဲတာကြောင့် ပွိုင့် (၇၇၁) ပတ်ဝန်းကျင်နဲ့ လဂျား ယန်ကို ကျနော်တို့က (၂) ဖါလုံလောက် ဆုတ်ပေးလိုက်တယ်။” ဟုဆိုသည်။

ယင်း စစ်ဆင်ရေးသည် တောင်ကုန်းအမှတ် (၇၇၁) တဝိုက်ရှိ KIA တပ်ရင်း (၂၃) တပ်ဖွဲ့နှင့် လဂျားယန် ကျောင်းသား စခန်းအား စစ်ဆင်နေခြင်း ဖြစ်ပြီး (၁၀) ဖါလုံသာရှိသည့် စစ်မျက်နှာကို လူအင်အား (၂) ထောင် ခန့်နှင့် တိုက်ခိုက်ခဲ့သဖြင့် ရာနှင့်ချီပြီး ထိခိုက်ဒါဏ်ရာ ရဖွယ်ရှိသည်ဟု KIA ဖက်က ဆိုသည်။

အစိုးရဘက်မှ မြေပြင်တပ်များ ထိခိုက်မှု များပြားသဖြင့် ညနေပိုင်းတွင် လေကြောင်းမှ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွိုင့် (၇၇၁) စခန်းအား ဒီဇင်ဘာလ (၃၀) ရက်နေ့ ကတည်းက အစိုးရတပ်ဖွဲ့များ သိမ်းဆည်းထားသော်လည်း စခန်းပတ်ဝန်းကျင်တဝှိုက်တွင် KIA တပ်ရင်း (၂၃) တပ်ဖွဲ့ဝင်များက ၀ုိင်းရံထားသဖြင့် အစိုးရဘက်က ထပ်မံ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ယင်းဒေသ တဝှိုက်တွင် ကျောင်းသားနှင့် KIA ပူးပေါင်းတပ်များနှင့် အစိုးရတပ်တို့ ဒီဇင်ဘာလ (၁၄) ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့ရောက်မှသာ အစိုးရက လေကြောင်းပစ်ကူဖြင့် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အလားတူ “မနေ့ကလည်း ရ၇၁ အနားမှာရှိတဲ့ KIA တပ်စွဲထားတဲ့ နေရာကိုပြင်းထန်စွာ ဝင်တိုက်တယ်။ ညနေပိုင်းလောက်မှာ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရတယ်။ ညက ဆိုရင် မိုးလဲ သံတံတားကို လက်နက်ကြီးနဲ့ သူတို့လှမ်းပြီး ပစ်ခတ်ဖျက်ဆီး လိုက်သေးတယ်။ KIA က ဖျက်တယ်လို့ ပြောဦးမှာဘဲ။” ဟု အဆိုပါ အရာရှိက ပြောဆိုသည်။

Most read this week