(၆၁)နှစ်မြောက်ကျရောက်သည့် ကယားပြည်နယ်နေ့ပွဲတော်တွင် နှစ်စဉ်နှစ်တိုင်း ဌာနဆိုင်ရာပြခန်းတွေ၊ INGOs ပြခန်းတွေ ပြသထားသော်လည်း ယခုနှစ်တွင် ထူးထူးခြားခြား ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများ အားလုံး၏ လုပ်ဆောင်ချက် တွေအားလုံးကို ပြခန်းတွင် စုပေါင်းပြသထားတာကို တွေ့ရပါတယ်။
အဖွဲ့အစည်းပေါင်းများစွာ လုပ်ရှားနေကြတဲ့ လူမှုအဖွဲ့အစည်းတွေထဲမှာမှ ပြည်နယ်အစိုးရက အသိအမှတ်ပြု ထားတဲ့ အဖွဲ့အစည်းတွေကိုသာ ပြသထားတာ ဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးရဲ့ အကြံပြုချက်နှင့် လမ်းညွန်ချက်အရ ပြုလုပ်ခွင့်ရတာလို့ ပြခန်းမှ PSI မှ ဝန်ထမ်းတဦးဖြစ်တဲ့ ကိုစောအယ်ဒိုမှူးက ပြောပါတယ်။

ကိုစောအယ်ဒိုမှူးက “ဒီတစ်နှစ်ကလေး ဝန်ကြီးချုပ်ကိုယ်တိုင်အားလုံးကို အစည်းအဝေးပြီးတော့မှ NGO အားလုံးကိုဆုံပြီတော့မှ အစည်းအဝေး ထိုင်ပြီးတော့မှ ပြောပါတယ် ပြစေချင်လို့ပေါ့နော် ကယားပြည်နယ်မှာ NGO အဖွဲ့အစည်းတွေ လုပ်နေဆိုတာကိုပါ ဒီလိုအားလုံး စုပြီးတော့မှ လုပ်လိုက်တာ” လို့ ပြောပါတယ်။
Local NGO ဖြစ်တဲ့ ငြိမ်းဖောင်ဒေး ရှင်းနှင့် မေတ္တဖောင်ဒေးရှင်းက ၂၀၁၀ ခုနှစ်မှာ ကျေးရွာဒေသဖွံ့ဖြိုးရေး လုပ်ငန်းပြုလုပ်ဖို့ ပိတ်ပင်တားဆီးခြင်းခံခဲ့ရပါတယ်။ အခုတော့ ပြည်နယ်အစိုးရကနေ အသိအမှတ်ပြန်ပြု ထားပြီလို့ သိရပါတယ်။ ဘာသာရေးနဲ့ ရိုးရာကို အခြေခံတဲ့ ဒေသခံလူမှု အဖွဲ့အစည်းတွေကိုတော့ နိုင်ငံတကာအဖွဲအစည်းဖြစ်တဲ့ Care Myanmar နှင့်ပူးတွဲ လုပ်ဆောင်နေ တဲ့အတွက်ကြောင့် ပြခန်းမှာ ယခုလိုပြသခွင့် ရထားတာကိုလည်းတွေ့ရပါတယ်။
ပြခန်းမှ လူမှုအဖွဲ့အစည်းဝန်ထမ်းဖြစ်တဲ့ ကိုဗျားရယ်က “သူတို့အနေနဲ့ကတော့ care myanmar နဲ့ partnership လုပ်ထားတယ်။ အစိုးရဘက်ကတော့ ဘယ်လို သတ်မှတ်ထားလဲတော့ မသိဘူးပေါ့ အရင်တုန်း ကဆိုရင် ငြိမ်းနဲ့ မေတ္တာဖောင်ဒေးရှင်းကို ခွင့်မပြုခဲ့ဘူး အခုတော့ ပြန်ရသွားပါပြီ MOU ပြန်ရသွားပါတယ်။” လို့ ပြောပါတယ်။
ပြခန်းတွင် ဒေသခံလူမှုအဖွဲ့အစည်းတွေ ၊ Local NGOs နှင့် INGOsတွေကနေပြီး စုစုပေါင်း အဖွဲ့အစည်း ၁၂ ဖွဲ့ကနေပြီး စုပေါင်းပြခန်းတခု ပြုလုပ်ထားကြတာကို တွေ့ရပါတယ်။ အဲဒါတွေကတော့ ငြိမ်းဖောင်ဒေးရှင်း ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ၊ PSI ၊ AVSI- Foundation ၊ UNHCR ၊ World Vision ၊ Care Myanmar ၊ ACF ၊ ဂရုဏာ ၊ ကယားဖူးနှစ်ခြင်းလူမှုဖွံ့ဖြိုးရေးဌာန ၊ ကယားနှစ်ခြင်း လူမှုဖွံ့ဖြိုးရေးဌာန၊ ကေ့ထျိုးဘိုးလူမှုဖွံ့ ဖြိုးရေးဌာန တို့ပင်ဖြစ်ပါတယ်။



