ဒေါဆိုဖျရွာ ထက်ဝက်ခန့် မီးလောင် ရွာသားများ ကယ်ဆယ်ရေးလိုအပ်နေ

ဒေါဆိုဖျရွာ ထက်ဝက်ခန့် မီးလောင် ရွာသားများ ကယ်ဆယ်ရေးလိုအပ်နေ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည် ဒီးမော့ဆိုမြို့နယ်ထဲက ဒေါဆိုဖျကျေးရွာမှာ ယမန်နေ့က ရွာထက်ဝက်ခန့် မီးလောင်ကျွမ်းခဲ့လို့ လူနှစ်ဦးသေဆုံးခဲ့ပြီး အိမ်ခြေ ရ၂ လုံး မီးထဲပါသွား ပါတယ်။

ဒေါဆူဖျရွာ မီးလောင်ထားသော တနေရာ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

ဦးမြအောင်က“ မီးစလောင်တာက ၁၆ ရက်နေ့ မနက် ၁၀ နာရီကစတာ ၁၂ နာရီ ၁ နာရီထိလောင်တယ်။ ဟိုလူတယောက် စိတ်မနှံ့တဲ့ တယောက်က မီးခြစ်ယူပြီး တို့ပြီး အိမ်နှစ်လုံးကိုစတို့တယ် အားလုံး ရ၂ လုံးပါသွားတယ်” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသွားသူမှာအသက် ၃၅ နှစ်ရှိသူအမျိုးသမီး ဒေါ်ဘိုးမယ်ဖြစ်ပြီးအသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသား ဘိုးရယ်တို့ဖြစ်ကြပါတယ်။

မီးလောင်မှုကြောင့် ရွှေ၊ ငွေ အပါအဝင် ဆန် စပါး၊ မြေပဲ၊ နှမ်း၊ သွပ်မိုး၊ ပျဉ်များနှင့် နွား၊ ကြက်၊ ဝက်များပါသွားကြောင်း သိရသော်လည်း ဆုံးရှံုးမှု တန်ဖိုးကို ခန့်မှန်းလို့ မရသေးပါဘူး။

အိမ်မီးလောင်ခံခဲ့ရတဲ့ ဦးနဲရယ်က “မီးလောင်တာ စိတ်ထဲမှာ ထိတ်ထိတ်လန့်လန့်ပြာယာခတ်သွားတယ်။ အိမ်ပေါ်မှာ အသက်ကြီးတဲ့ အဖိုးတယောက်ကျန်ခဲ့တယ် သတိရလို့ ပြန်ပြေးတက်ခေါ်တယ်။ ရွာထဲမှာ ဆက်မနေရဲတော့ဘူး။ ရွာပြင်က မြေပဲခင်းထဲမှာပဲ ဒီအတိုင်းပဲ သွားရပ်ကြည့်နေတော့တာပဲ။” လို့ ပြောပါတယ်။

ဒေါတမကြီးကျေးရွာအုပ်စုဒေါဆိုဖျကျေးရွာက အိမ်ခြေ ၁၂၈ အိမ် ရှိပြီး လူဦးရေ ၆၇၂ ဦးနေထိုင်ပါတယ်။ ယခုမီးလောင်ကျွမ်းမှုကြောင့် ဒုက္ခရောက်နေကြတဲ့ သူတွေကို အရေးပေါ် ကယ်ဆယ်မှု လုပ်ငန်းတွေ လုပ်ဖို့ ရှိတယ်လို့ ကရင်နီပြည်ထဲရေး ဝန်ကြီးဌာနမှ ခူဖဲဘူး ကပြောပါတယ်။

"ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့တော့ အစီအစဉ်တွေ ရှိပါတယ်။ ဒါပေမယ့် သတင်းအချက်အလက် လည်းတိတိကျကျ မရှိသေးတော့ စီစဉ်တုန်းပဲရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကူညီဖို့တော့လုပ်ပါ့မယ်။" လို့ ပြောပါတယ်။

ဒုက္ခရောက်နေကြတဲ့ သူတွေက အခုလောလောဆယ် စာသင်ကျောင်း၊ စပါးကျီအောက်ခြေနဲ့ရွာအပြင် ဘက်တွေမှာ ထွက်နေကြတာကို တွေ့ရပါတယ်။ လတ်တလောမှာ ကူညီမည့်သူမရှိလို့ အနီးနား ကျေးရွာတွေ ကနေ ထမင်းထုပ်တွေ ကူညီပေးသွားတယ်လို့ ဒေါညေးခူရွာမှ ရပ်မိရပ်ဖ တဦးဖြစ်တဲ့ ဦးစိုးဝေက ပြောပါတယ်။

ဦးစိုးဝေက “ဆွေမျိုးတွေ သူငယ်ချင်းတွေအိုးအိမ်ပါသွားလို့ နှစ်သိမ့်ဖို့ ဆောင်ရွက်စရာရှိတာဆောင်ရွက်ဖို့ လာတာပါ ဒီမနက်မှာ လူငယ်တွေတက်လာပြီး မီးကြွင်းမီးကျန်တွေ ငြိမ်းကူတယ်။ ရေတွေခပ်ကူတယ်။ ကျေးရွာလဲ တအိမ်ကို ထမင်းထုပ် တထုပ်နှုန်းနဲ့ အကုန်သယ်လာပြီး စုပြီး ဝေငှပေးတယ်” လို့ပြောပါတယ်။

မီးလောင်နေချိန် အတောအတွင်းမှာ မီးသတ်ကားလာတယ်ဆိုပေမဲ့ ဒေါဆိုဖျရွာကို သွားတဲ့ ဒေါလောခူ တောင်ကို မကျော်နိုင်လို့ ဆက်မသွားဖြစ်ဘူးလို့ သိရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ ဒီနေ့မနက်မှာပဲ ပြည်ခိုင်ဖြိုးပါတီ၊ ကြက်ခြေနီ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ ACF၊ KSWDC၊ ကျန်းမာရေးလုပ်သားများ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ တခြား NGOs အဖွဲ့တွေ လာရောက်ပြီး အချက်အလက် ကောက်သွားတယ်လို့ သိရပါတယ်။