ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ KIA စစ်ကြောင်းများသည်၊ ဒေါ့ဖုန်းယန်နှင့် လဂျားယန်ကြားရှိ အစိုးရ နောက် တန်း တပ်ဖွဲ့များကို ယနေ့ မနက်ပိုင်းမှ စပြီး ညနေပိုင်း အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း စစ်ဆင်ရေးမှူး တဦးက ပြောသည်။
“ဒေါ့ဖုန်းယန် စခန်းနားအထိ လက်နက်ကြီးတွေနဲ့ တနေ့လုံးလိုလို ပစ်ခတ်နေကြပါတယ်။ သူတို့က တက်လာတာမ ဟုတ်ဘူး။ ကျနော်တို့က ဆင်းတိုက်နေတာပါ။ ဖြစ်တဲ့နေရာက လဂျာယန်စခန်းရဲ့ အောက်ဖက်တွေမှာပါ။ သူတို့ရဲ့ နောက်တန်း စခန်းတွေနားမှာပေါ့။ တိုက်ပွဲရဲ့ နောက်ဆုံး အခြေအနေကတော့ ညနေ (၄) နာရီ အထိ မသိရသေးဘူး။” ဟု ဆိုသည်။
ထို့အပြင် ယနေ့ မနက်ပိုင်း၌လည်း လိုင်ဇာမြို့အနောက်ဖက် (၇) မိုင်အကွာတွင်ရှိ ခါရားဘွန် တောင်ဖက်၌ တနေ့လုံး တိုက်ပွဲဖြစ်ပွား နေခဲ့သလို မြစ်ကြီးနား-လိုင်ဇာလမ်းကြောင်းမှ နမ်ဆန်ယန် ကျေးရွာ ၀န်းကျင်၌လည်း တိုက်ပွဲများ တနေကုန် ဖြစ်ပွားနေခဲ့သည်ဟု ဆိုသည်။ ယခု ဖြစ်ပွားသည့် တိုက်ပွဲများတွင် အစိုးရဘက်က လက်နက်ကြီး ပစ်ခတ်မှုမှလွဲ၍ လေကြောင်းပစ်ခတ်မှုများ မရှိကြောင်း သိရသည်။
ဇန္နာဝါရီလ (၉) ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့သော KIA တပ်ရင်း (၂၄) ၏ ဖွန်းပျန်ဘွမ် စခန်းဖက်၌ ယနေ့ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ငြိမ်သက်နေသည့်အပေါ် နောက်တကြိမ် ထိုးစစ်အတွက် ပြင်ဆင်နေခြင်း ဖြစ်နိုင်သလို နိုင်ငံတကာနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တောင်းဆိုမှုကြောင့်လည်း ဖြစ်နိုင်ကြောင်း အဆိုပါ တပ်မှူးက သုံးသပ်ပြောဆိုသည်။
![]()
တချိန်တည်းတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဂျပန် နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးများသို့ သွားရောက်၍ ကချင်ထိုးစစ် ရပ်ဆိုင်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသလို သမ္မတ ဦးသိန်းစိန်ထံ လိပ်မှု၍ အိပ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။



