ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည် ပတ်လည်ရှိ ဆည်မြောင်း ဧရိယာအတွင်း ဆည်မြောင်းအငြိမ်းစား ဝန်ထမ်း အိမ်ခြံမြေအကွက်များ ချမှတ် ရာထားသည့် အပေါ် အစိုးရမှ ခွင့်မပြုကြောင်း သိရသည်။
ဆည်မြောင်းဦးစီးဌာန အောက်ခြေ ၀န်ထမ်းများက ၎င်းတို့ နေထိုင်ရန် မြေနေရာများအား အထက်အမိန့် မရဘဲ မိမိသဘောနှင့် အမှတ်အသား ပြုလုပ်ထားသည့်အပေါ် သက်ဆိုင်ရာက ခွင့်မပြုနိုင်ကြောင်းနှင့် ဥပဒေ နားမလည်၍ ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
“အောက်ခြေဝန်ထမ်းတွေက မသိလို့ ရာထားတာပေါ့နော။ အခုသိတဲ့ခါကျတော့ ဖျက်ပစ်လိုက်ပါပြီ။ ကျနော်တို့ခွင့်မပြုပါဘူး။ ကျနော်တို့ဒီဖက်က တာဝန်ရှိတဲ့သူအပိုင်းက မဟုတ်ပါဘူး။ အောက်ခြေဝန်ထမ်း တွေက သူတို့ကလည်း ကာလတလျောက်လုံး နေခဲ့တဲ့ခါကျတော့ အဲဒီဟာကြီးက ဆည်မြောင်း ပိုင်တယ် ဆိုပြီးတော့ သူတို့ဥပဒေကို နားမလည်တာပေါ့နော” လို့ ပြောပါတယ်။
ဆည်မြောင်းဌာန အငြိမ်းစား ဝန်ထမ်းများက နေစရာမြေ မရှိ၍ ငွေတောင်ဆည် အရှေ့ဘက်ကပ်လျက် သစ်တောပျိုးဥယျာဉ်အနီးရှိ မြေလွတ် မြေရိုင်းတွေကို အမှတ်အသားပြု လုပ်ပြီး ပြည်နယ်အစိုးရထံ တင်ပြထား တာဖြစ်ပါတယ်။
ဦးဇော်ဝင်းက “လူထုကတင်ပြလို့ ကျနော်တို့ အစိုးရအဖွဲ့ကဆင်းကြည့်ပြီးပါပြီ။ အဖွဲ့က အခုအစီရင်ခံစာ မတင်သေးဘူးခင်ဗျ။ တင်လိမ့်မယ်။ သုံးယောက်ပါတဲ့အဖွဲ့က ကွင်းဆင်းမယ် ပြီးရင် သူတို့တွေဒါကိုအပြန် ကျရင် တင်ပြလိမ့်မယ်။ အဲ့ကျမှ ဘာလုပ်မယ်ဆိုတာသိရမှာဗျ” လို့ ပြောပါတယ်။
ကယားပြည်နယ် မြေစာရင်းရုံးမှ ဦးစီးမှူး ဦးအောင်ဆွေကလည်း မြေနေရာ ဥပဒေ အသစ်ပေါ်ပေါက်လာ ပြီဖြစ်တဲ့အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်မှာဖြစ်ကြောင်း ဆည်မြောင်း ဧရိယာအတွင်း မိမိဘာသာ မြေကွက်များချမှတ်ပြီး ပုဂ္ဂလိကပိုင်မြေအဖြစ် မပြုလုပ်သင့်ကြောင်း ပြောပါတယ်။
“ဆည်မြောင်းဌာနပိုင်မြေဆိုတော့ ဆည်မြောင်းဌာန ရဲ့အတည်ပြုချက်နဲ့ သူ့ မြေကြီးထဲမှာတော့ဆောင်ရွက် ကြမှာပေါ့။ ဒါပေမယ့် ဆည်မြောင်းဌာနက အတည်ပြုပြီးရင်တော့ ဌာနမြေက ဌာနကဘဲ အသုံးပြုဖို့ပေါ့ဗျာ။ ဆည်မြောင်းဌာနရဲ့ သူ့ဝန်ထမ်းဘားတန်းတွေ ရှိမယ်။ ၀န်ထမ်းတွေနေကြမယ်။ ၀န်ထမ်းတွေပြောင်းသွား တဲ့အခါ နောက်ဝန်ထမ်းတွေတက်နေမယ်။ ဒီလိုတွေပဲရှိကြမှာပေါ့။ ပုဂ္ဂလိက မြေရယ်လို့ မဖြစ်နိုင်ဘူး ဆည်မြောင်းမြေဖြစ်ခဲ့ရင်တော့။” လို့ ပြောပါတယ်။
ပြီးခဲ့သည့်နှစ် ဇူလို်င်၊ သြဂုတ်လ အချိန်လောက်က ၎င်းမြေများကို ပေ ၆၀ × ရ၀ အကွက်များ ရိုက်ထားကြပြီး အကွက်ပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။



