ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် မူဆိုကျေးရွာအုပ်စုအတွင်း ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက် နေတဲ့နေရာဟာ စိမ့်စမ်းရေထွက်ပေါက်တွေနဲ့ ရေချောင်းများ တည်ရှိနေတဲ့အတွက် ရေအရင်းအမြစ် ပျက်စီးဆုံးရှုံးမှာကို ဒေခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကထုတ်ဖေါ် ပြောဆိုနေကြပါတယ်။
စက်ရုံတည်ဆောက်တဲ့ နေရာအနီးတဝိုက်က ရေအရင်းအမြစ်တွေဟာ မိုဆိုကျေးရွာ အုပ်စုအပါအဝင် ဖရူဆိုမြို့ပေါ်နှင့် ဒီမောဆိုမြို့ပေါ်ရှိ ငွေတောင်ဆည်အတွင်းသို့ စီးဆင်းသွားတဲ့ ရေသောက်မြစ်လည်း ဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦး ဖြစ်တဲ့ မကက်ထရုက ပြောပါတယ်။

မကက်ထရုက "ကျမတို့ မိုဆိုကျေးရွာအုပ်စု တလျှောက်လုံး သာမက ဖရူဆို၊ ဒီမောဆို၊ ထီးပေါ်ဆို၊ ဒေါကူခူ၊ ဆိုလျားကူး တလျောက်လုံး ပေါ့နော် သူတို့ ခနောက်စိမ်း သတ္တုစက်ရုံက ရေက တကြောင်းထဲ ဖြစ်နေတဲ့ အတွက်ကြောင့် အဲဒီရေက တနေရာကို နည်းနည်းဖြာထွက်နေတယ်။ အဲဒီရေက ကျမတို့ ပြည်သူတွေအတွက်
သောက်သုံးရေဖြစ်ကြတယ် အဲဒီအတွက်ကြောင့် သူတို့ ဒီလိုလာလုပ်ခြင်းအားဖြင့် ကျမတို့အတွက် ရေတွေ မသန့်ရှင်းတော့ဘူးပေါ့နော်" လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှု မရှိပဲ အစိုးရနဲ့အပစ်ခတ်ရပ်စဲရေး ရယူထားတဲ့ ကယောနီ အဖွဲ့မှဦးဆောင်ကာ တခြားသောကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ အတူပူးပေါင်းပြီး စက်ရုံကိုစတင် တည်ဆောက် နေမှုအပေါ် ဒေသခံတွေက ကန့်ကွက်နေကြတယ်လို့ ဆိုပါတယ်။
မိုဆိုကျေးရွာမှ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးဘားရယ်က“ တရွာလုံးကသူတို့ကို လက်မခံဘူးလို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုသူတို့က အစကနေ ဘာတခုမှ အကြောင်းမကြားဘူး။ ဘာတခုမှမလုပ်ခဲ့ဘူး။ ရှေးလူကြီးကလည်း မှာထားတာရှိတယ်။ ကျနော်တို့လည်းသိထားတယ်။ သူတို့လုပ်သွားပြီး ကျနော့်အနေနဲ့ လက်မခံချင်ဘူး။ နောက်ပြီး အန္တရာယ် ကတော့ ဖြစ်လာမဖြစ်လာတော့ ကျနော့်အနေနဲ့တိတိကျကျမသိဘူး။ ဒါပေမယ့်လို့ ဖြစ်လာခဲ့သော် ဘယ်လိုလုပ်မလဲ၊ သူကအန္တရာယ်တခုခုဖြစ်လို့ရှိရင် လျှော်ကြေးပေးနိုင်မလား။ သိသလောက်ဆိုရင် အဲဒီစက်ရုံ အန္တရာယ်တခုခုဖြစ်လာလို့ရှိရင် ချက်ချင်းဖြုတ်မယ်၊ ထိလာပြီဆိုရင် စက်ရုံဖြုတ်ရုံပဲ။ နောက် အန္တရာယ်ခံရပြီဆိုရင် ကျနော်တို့ဒေသကပဲ ခံရတဲ့ပုံစံဖြစ်နေတယ်။” လို့ ပြောပါတယ်။
ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စုအတွင်း တူးဖော်နေတဲ့ ခနောက်စိမ်းတွေကို သန့်စင်ဖို့အတွက် ရေရှားပါးတဲ့ မိုဆိုကျေးရွာအုပ်စုမှာ သတ္တုသန့်စင်စက်ရုံကို လာရောက် တည်ဆောက်နေရခြင်း ဖြစ်တယ်လို့ မိုဆိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးထမားရယ်က ပြောပါတယ်။
“ခနောက်စိမ်းတူးဖော်တဲ့နေရာမှာ သူတို့သတ္တုသန့်စင်စက် မဆောက်ပဲနဲ့ ပိုက်ဆံငွေရေးကြေးရေး အကုန်ခံပြီးတော့မှ ဒီမူဆိုအုပ်စုမှာ ရေရှားပါးတဲ့နေရာမှာ သတ္တုသန့်စင်စက်လာပြီးတော့ထောင်မယ် အဲလိုပဲပြောတယ်။ ဒါပေမယ့် ကျနော်တို့ရွာ အုပ်ချုပ်ချုပ်ရေးမှူးတွေကိုတော့ ဘာမှလဲမပြောဘူး။ တိုင်ပင်ဆွေးနွေးတာလဲ ဘာမှမပြောဘူး။ ကျနော်တို့သံသယဖြစ်တာက ဒီသတ္တုသန့်စင်စက်ကို ခူပရား ဘက်မှာ ထောင်လို့ရရဲ့သားနဲ့ ငွေကြေးလည်းပိုကုန်ခံတယ်၊ အဲဒါဆိုးကျိုးဖြစ်နိုင်လို့ ဟိုဘက်ရွာက လက်မခံလို့ ဒီဘက်လာတာဖြစ်နိုင်တယ်လို့ ယူဆတယ်။ သူတို့စုပ်တင်နေတဲ့ရေက အဲဒီချောင်းကရေက ရေလိုင်းတလိုင်းပဲရှိတယ် အဲဒီမြေကြီးအောက်မှာ ဂူပေါက်တွေအများကြီးရှိတယ်။ ရေကျောက ထွက်တာက ကွိုင်ငံချောင်းမှာ ဒီမောဆိုငွေတောင်အထိပေါ့။ မူဆိုအနီးနားကတော့ အဲဒီရေကျောကနေပဲခွဲထွက်တယ်၊ ပြည်သူတွေကလည်း အဲဒါတွေပဲသောက်တယ်။”
ယမန်နှစ်က ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ခနောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းကြောင့် ဒေသခံတို့ရဲ့
စိုက်ပျိုးခြံများထိခိုက်ပျက်စီးမှုများရှိလာတဲ့အတွက် တောင်သူလယ်သမားများရဲ့ တိုင်ကြားချက်တွေကြောင့် အခွန်လက်ခံရရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ခနောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းအချို့ကို ရပ်ဆိုင်းပေးခဲ့ရပါတယ်။
၂၀၁၂ ခုနှစ်မေလ အစောပိုင်းကစပြီး ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရနဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP အကြား ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားတဲ့အချိန်ကာလ အတောအတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် စီးပွားရေးသမားများမှ ချဉ်းကပ်မှုများပိုမိုပြုလုပ်လာနေ ပါတယ်။

ယခုငြိမ်းချမ်းရေးဖေါ်ဆောင်နေတဲ့ ကာလအတောအတွင်း စစ်အစိုးရလက်ထက်ကတည်းက အပစ်ခတ်ရပ်ယူ ထားတဲ့ ကရင်နီလက်နက်ကိုင်အဖွဲ့အစည်းများ ထိမ်းချုပ်ရာနယ်မြေအောက်မှာ သော်လည်းကောင်း KNPP ထိမ်းချုပ်ရာ နယ်မြေအောက်မှာသော်လည်းကောင်း ရင်းနှီးမြုပ်နှံမှုနဲ့ စီမံကိန်းများလုပ်ဆောင်ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုတို့ကို ထိခိုက်နှစ်နာမှုတွေ ရှိစေလာမည့်လုပ်ငန်းများနဲ့ပတ်သက်လို့ စောင့်ကြည့်ရေးအဖွဲ့အစည်းများ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားခြင်းမရှိသေးပါ။



