ရွာပြင်ထွက်ခွင့်မရှိတဲ့ ကယန်းတွေ နှစ်သစ်ကူးပွဲ ကျင်းပ

ရွာပြင်ထွက်ခွင့်မရှိတဲ့ ကယန်းတွေ နှစ်သစ်ကူးပွဲ ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း နေထိုင်ကြတဲ့ ဟွေ့ပူးကဲလို့ခေါ်တဲ့ ကျေးရွာကကြေးကွင်းပတ်ကယန်း တွေဟာ ရွာပြင်ကိုထွက်ပြီး လွတ်လပ်စွာ သွားလာလည်ပတ်ခွင့် မရှိကြပေမယ့် ၂၀၁၃ ခုနှစ် နှစ်သစ်ကူးကို ကြိုဆိုတဲ့ ပွဲတော်တခု ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင်မိတ်သဟာရ ဖွဲ့နိုင်ဖို့ ဟွေ့ပူးကဲကျေးရွာ အနီးအနားမှာ ရှိတဲ့ ထိုင်းကျေးရွာတွေကို ဖိတ်ကြားကာ ဘော်လုံးအားကစား ပြိုင်ပွဲတခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး နှစ်သစ်ကိုကြိုဆိုခဲ့ကြပါတယ်။

ပထမရရှိသွားသော ဟွေဆူထောက် ဘော်လုံးအသင်း (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
နှစ်သစ်ကူးဖလား ဘော်လုံးပွဲကို ဦးဆောင်တဲ့ ဟွေ့ပူးကဲ ရွာခံလူငယ် ခွန်းပေယုက “ဒီရွာမှာ ရှိတဲ့လူငယ်တွေက အထီးမကျန်အောင်၊ ဆိုလိုချင်တာက ဒီရွာမှာပဲမွေး၊ ဒီရွာမှာပဲနေ ပြီးတော့ ဒီရွာမှာပဲ ကြီးလာခါကျတော့ ဒီပြင်ပမှာရှိတဲ့ ရွာတွေနဲ့၊ ဒီပြင်ပမှာ ရှိတဲ့လူငယ်တွေနဲ့ လူထုတွေနဲ့ ဆက်ဆံရေးက သိပ်မရှိဘူးလေ။ အဲ့လိုမျိုး ပြင်ပက ရွာတွေကို ဖိတ်တော့ ကျတော်တို့ဒီရွာမှာ ရှိတဲ့ လူငယ်တွေကလည်း သူတို့နဲ့ထိတွေ့မှုတွေရှိတဲ့ အခါကျတော့ အတွေ့အကြုံပိုရမယ်” လို့ ပြောပါတယ်။

၁၉၉၅ ခုနှစ်နောက်ပိုင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPPနဲ့ စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး ပျက်ပျယ်ခဲ့ပြီးတဲ့နောက်မှာ ပြည်တွင်းကထွက်ပြေး တိမ်းရှောင်လာတဲ့ ကရင်နီတော်လှန်ရေး မိသားစုတွေထဲက ကြေးပတ် ကယန်းအမျိုးသမီး အိမ်ရှင်မတချို့ ကနေ ဟွေ့ပူးကဲရွာကို စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ဟွေ့ပူးကဲကျေးရွာမှာ ကယန်းတိုင်းရင်းသား အိမ်ခြေ ၄၅ အိမ်ရှိပြီး လူဦးရေ ၁၉၈ ဦးရှိနေပါတယ်။

အများစုဟာထိုင်းနိုင်ငံသား သက်သေခံလက်မှတ်မရှိကြတဲ့အတွက် ရွာရဲ့အပြင်ဘက်ကို ထိုင်းနိုင်ငံသားတွေလို လွတ်လွတ်လပ်လပ်သွားလာ လည်ပတ်လို့မရကြပါဘူး။

ဒီနှစ်သစ်ကူးဖလား ဘော်လုံးပွဲကို ကိုယ်ထူကိုယ်ထ အနေနဲ့ ပြုလုပ်လာတာဟာ နှစ်ပေါင်း ၁၈ နှစ်နီးပါးရှိသွားခဲ့ပြီး ယခုနှစ် ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ “ကျနော်တို့ ၁၉၉၅ လောက်ကတည်းက စလုပ်တာ။ ရည်ရွယ်ချက်ကတော့ ဒီတရွာလုံးအနေနဲ့ ကလေးလည်း ကျန်းမာရေးရအောင်၊ ပျော်ရွှင်မှုလည်းရအောင် ဆိုပြီးတော့မှ လုပ်ရတာပါ။” လို့ ရွာရဲ့ရပ်မိရပ်ဖ ဖြစ်တဲ့ ခွန်းမောင်ပိန် ကပြောပါတယ်။

ယခု နှစ်၂၀၁၃ ရဲ့ နှစ်သစ်ကူးဖလားကိုတော့ အိမ်နီးချင်းကျေးရွာတွေ အပါအဝင် အသင်းပေါင်း ၁၀ သင်းကနေ ယှဉ်ပြိုင်ရာမှ ဟွေ့စူထောက် ကျေးရွာက နေ ပထမ ဆွတ်ခူးသွားခဲ့ပါတယ်။

ပထမ ရရှိသွားတဲ့ အသင်းထဲက ကစားသမားတဦးကတော့ ဒီရွာမှာ လာရောက်ကစား ရတဲ့အပေါ် သူ့ရဲ့ ရင်ခုံသံကို အခုလိုပြောပြသွားပါတယ်။

“ဒီမှာ လာကစားရတဲ့ အတွက် ဝမ်းသာတယ်။ နောက်ပြီးတော့ ဒီကျေးရွာကလည်း ဘော်လုံး ကစားတာကို ဝါသနာပါကြတယ်။ နောက်ပြီးတော့ ဒီဒေသရဲ့ ရာသီဥတုကိုလည်း သဘောကျလို့ပါ။ ပြီးတော့ ဒီကလူတွေက လည်း ဖော်ရွှေတယ်လေ။ စုစည်းမှုလည်းရှိတယ်။ နောက်ဒီနှစ်သစ်မှာ ဒီကလူတွေ ပျော်ရွှင်ပါစေလို့တောင်းဆုပြု လိုက်ပါတယ်ဗျာ။”