ကချင်ပြည်နယ်အတွင်း အစိုးရတပ်မှ ကြည်းတပ်၊ လေတပ် အင်အား (၂) ရပ်သုံး၍ ပြင်းထန်သည့် ထိုးစစ် ဆင်နေခြင်းအပေါ် တိုင်းရင်းသား (၁၁) ဖွဲ့ ပါ၀င်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကန့်ကွက် ရှံု့ချကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန် လိုက်သည်။
ထိုးစစ်များ ရပ်တန့်ခြင်းမရှိပါက နောင်တွင်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများသည် အာဏာရ အစိုးရနှင့် ဗမာ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ရွှေဟင်္သာ သတင်းဌာနသို့ အခုလို ပြောဆိုသည်။
“အစိုးရတပ်ဖွဲ့ တွေကနေပြီးတော့ KIA အပေါ် ထိုးစစ်ဆင်နေ တာတွေကို မြင်ရတော့ ကျနော်တို့ UNFC အနေနဲ့ စဉ်းစားစရာ ဖြစ်လာတယ်။ အဲဒီတော့ ထိုးစစ် ဆင်နေတာကို အလျင်အမြန် ရပ်တန့်ဖို့ တောင်းဆိုတယ်၊ တဆက်တည်းပဲ ပြောချင်တာက အကယ်၍ မရပ်တန့်ပဲ ဆက်လက်တိုက်ခိုက် နေမယ်ဆိုရင် နောင်ဖြစ်ပေါ် လာမယ့် ဆိုးကျိုးတွေကို အစိုးရ နဲ့ ဗမာ့ တပ်မတော်မှာပဲ တာဝန် ရှိတယ်လို့ ဒီလို ပြောချင် ပါတယ်”
ထို့အပြင် ကချင်ပြည် ထိုးစစ်နှင့် ပတ်သက်၍ UNFC အဖွဲ့အတွင်း သက်ဆိုင်ရာ အဖွဲ့ အလိုက် ပြန်လည် သုံးသပ်ခဲ့သလို အဖွဲ့ဝင်အားလုံးမှ တညီတညွတ်တည်း သဘောတူ ချက်အရ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) အား ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ “အလျင်အမြန် ” ရပ်တန့် ပေးရန် တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အား အကာ အကွယ် ပေးထားသည့် လဂျားယန် နှင့် နမ်ဆန်ယန် ရွာအနီးရှိ (KIA) တပ်စခန်းများကို အစိုးရတပ်ဖွဲ့မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး အပတ်က စတင်၍ ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ၁၀၅ မမ ဟော်ဝစ်ဇာ လက်နက်ကြီး များဖြင့် ရက်သတ္တ တစ်ပတ်ခန့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက် နေခြင်းကို သုံးသပ်၍ ကြေညာချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားရန် ယမန်နှစ် နိုဝင်ဘာလ (၉) ရက်နေ့က UNFC အဖွဲ့နှင့် ဦးအောင်မင်းတို့ တွေ့ဆုံစဉ် သဘောတူ ထားသော်လည်း ယခုကဲ့သို့ ကချင် KIA အပေါ် ပြင်းထန်စွာ တိုက်ခိုက် လာသည့် အပေါ်အစိုးရ ဘက်မှ အပြောတမျိုး အလုပ်တမျိုး မရိုးသားသည့် သဘောကို ဖော်ပြ နေသည်ဟုလည်း ကြေငြာ ချက်၌ ဖော်ပြထားသည်။
အလားတူ လက်ရှိ အနေအထားအရ အစိုးရ အဖွဲ့၏ ပြောဆို ဆွေးနွေးချက်နှင့် လက်တွေ့ လုပ်ရပ်သည် ပြည်တွင်း ငြိမ်းချမ်းရေး ဘက်သို့ ဦးတည် နေခြင်း မဟုတ်ဟု မြင်မိကြောင်း ၄င်းတို့မှ သုံးသပ်ထားသည်။
ထို့အပြင် ပြည်တွင်း၌ အနှစ် (၆၀) ကျော် ဖြစ်ပွါးနေသည့် တိုင်းရင်းသား ပြဿနာများကို လက်နက် အားကိုးပြီး အစိုးရ အဆက်ဆက်က ဖြေရှင်း ခဲ့သော်လည်း မပြေလည်ရုံ မက တိုင်းပြည် ခေတ်နောက်ကျကာ ပြည်သူများ ဒုက္ခ ရောက်နေသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းလမ်းဖြင့် ထပ်မံ ဖြေရှင်း နေခြင်းသည် အလွန်မိုက်မဲသော လုပ်ရပ် ဖြစ်ကြောင်းလည်း ကြေငြာချက်က ထောက်ပြ ထားသည်။
အစိုးရနှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံ ဖြေရှင်းရေး သဘော တူညီ ချက်ကို မပျက်ပြားစေလို၍ UNFC ဘက်မှ စိတ်ရှည်စွာ ထိမ်းသိမ်း လုပ်ဆောင် နေခဲ့ကြောင်းနှင့် အတိုင်းအတာ တခုအထိ စောင့်ကြည့်လာရာမှ ယခု အတိအလင်း ထုတ်ပြန်တောင်းဆိုခြင်း ဖြစ်ကြောင်း နိုင်ဟံသာက ဆိုသည်။
UNFC အဖွဲ့အား ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ (NUPA)၊ (၀) အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) စသည့်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။



