ကယား(ကရင်နီ)ပြည်နယ် ဖရူးဆိုမြို့နယ် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းမှ သိမ်းဆည်းထားသည့် မြေယာတွေအတွက် လျော်ကြေးပေးရန် တောင်းဆိုနေခြင်းမဟုတ်ပဲ စစ်တပ်ပြန်လည် ရုတ်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်နယ်နဲ့ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးစဉ်မှာ “ကျမတို့တင်ပြထားတဲ့ ၆၂ အိမ်ကပိုက်ဆံယူဖို့ တင်ပြထားတာမဟုတ်ဘူး။ သဘောမတူလို့ တင်ထားတာပိုက်ဆံကိုတော့ ကျမတို့လုံးဝလက်မခံဘူး။ ၁၄ ကျောင်းဆက်ထားမယ်ဆိုတော့ ကျမတို့ ဒေသခံပြည်သူတွေက တအားနှစ်နာ ဆုံးရှုံးသွားတယ်။ ဆုံးရှုံးတာကအမျိုးမျိုး နစ်နာတာကအမျိုးမျိုး အခုချက်ချင်းမရုတ်သိမ်းဘဲနဲ့ ဒီ ၁၄ ကျောင်းကိုတဖြည်းဖြည်းနဲ့ရုတ်သိမ်းစေချင်တယ် လို့တောင်းဆိုချင်တယ်။” လို့ ခိုးလျှေဆိုရှေ့ တောင်သူလယ်သမားအဖွဲ့မှ ပလျားမာက ပြောသွားတာဖြစ်ပါတယ်။

မာဖရိုရှေ့ကျေးရွာမှ ရွာမိရွာဖဖြစ်တဲ့ ဦးဖဲဘူးကလည်း “ကျနော်တို့ဘိုးဘွားကတည်းက လုပ်စားကိုင်စားဖို့ မှာထားခဲ့ပြီးတားပါ ကျနော်တို့ နေထိုင်စားသောက်ဖို့အတွက်ဆိုတော့ ကျနော်တို့လက်ခံပြီးမြေကို မရောင်းစားနိုင်ဘူး သတ်မှတ်ထားတဲ့ ဧက ၂၇၀၀ ကိုပဲ သတ်မှတ်ထားပြီး သူ့နေရာကနေ ထပ်မတိုးလာပါနဲ့ တော့ ဒီလိုထပ်တိုးချဲ့လာတာ ကျနော်တို့ မာခရောရှေ့အနေနဲ့ ပိုက်ဆံကို မယူနိုင်ဘူး ရောင်းစားဖို့ တစ်သိန်းငါးသောင်းပေးတာ ဘာလုပ်ဖို့လဲ ကျနော်တို့အလုပ်ဆင်းရင် အနည်းဆုံး ငါးသောင်း တစ်သိန်းရ တယ်။ ကျနော်တို့ သားသမီးကျရင် ဘာသွားရှာစားကြမလဲ၊ ကျနော်တို့အနေနဲ့ ငွေကိုလက်မခံနိုင်ဘူး လက်မှတ်လည်းမထိုးနိုင်ဘူး” လို့ ပြောပါတယ်။
အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်းမှ မြေယာဆုံးရှုံးသွားတဲ့ တောင်သူလယ်သမားအတွက် နှစ်နာကြေးကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့တုန်းက ကယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အုပ်ချုပ်ရေးမှူးတွေ လာရောက်တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
ဖရူဆိုအုပ်ချုပ်ရေးမှူး စိုင်းအေးက “ဒေသဖွံ့ဖြိုးရေးဖြစ်ထွန်းစေဖို့ဆိုပြီးတော့ မာခရိုရှေ့နဲ့ လောဂျာရွာမှာ ကျောင်းဆောင်တွေ ဆောက်လုပ်ပေးနိုင်ရေးတင်ပြချက်ပေါ်မှာ ဒီိကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ လာပြီးညှိနှိုင်းဆွေးနွေးတာဖြစ်ပါတယ်။ ဒေသခံတွေနဲ့တွေ့ပြီး တွေ့ရှိချက်ဆောင်ရွက်ပေးမှု အခြေအနေကို ဆောင်ရွက်ဖို့လာတယ်။ ဒီဒေသဖွံ့ဖြိုးဖို့ ကျောင်းဆောင် ထပ်မံဆောက်ဖို့ ဒေသခံတွေကတောင်းဆိုထား တာရှိတယ်။” လို့ ပြောပါတယ်။
ဒေသခံလူထုတွေက အဆိုပါ တပ်လေ့ကျင့်ရေးကျောင်းကို ဒေသဖွံ့ဖြိုးရေးအတွက် တခြားလိုအပ်သည့် အဆောက် အဦအဖြစ်ပြောင်းလဲရန် ဆွေးနွေးတင်ပြထားခြင်းသာဖြစ်တယ်လို့ သိရပါတယ်။ အမှတ် ၁၄ တပ်လေ့ကျင့်ရေးကျောင်း အတွက် လေ့လာစောင့်ကြည့်တဲ့ အဖွဲ့မှ တွေ့ရှိထားတဲ့ မြေဧကထပ်မံတိုးချဲ့ လာတဲ့ မြေတွေကို နှစ်နာကြေးပေးဖို့ ၆၈၆ ဧက တောင်သူ ၉၆ ဦးကျန်သေးတယ်လို့ သိရပါတယ်။ တစ်ဧကကို ကျပ်တစ်သိန်းငါးသောင်း (၁၅၀၀၀၀) နှုန်းဖြင့် စုစုပေါင်း သိန်းတစ်ထောင်နှင့် နှစ်ဆယ့်ကိုးသိန်း ပေးမည်ဖြစ်ဖြစ်ကြောင်း ၎င်းငွေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အတွက်လည်း ပြုလုပ်နိုင်ကြောင်း လာရောက်ဆွေးနွေးသွားကြတာဖြစ်ပါတယ်။
ဖရူဆိုမြို့နယ်မှ ပြည်သူ့လွတ်တော် ဦးဦးရယ်က "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပြည်နယ်အစိုးရ၊ သမ္မတအဆင့် အထိစာတွေအကြိမ်ကြိမ် တင်ပြထားပြီးဖြစ်ပါတယ်။ တင်ပြထားတာတွေကလည်း ဘာမှပြန်အကြောင်းကြားသိရှိရတာ တွေမရှိဘူး။ နောက်ပိုင်းတော့ မာခရိုရှေ့အပိုင်းဘက်ရောက်လာတယ်။ နောက်ပြီးမြေယာတွေအတွက် မရသေးတဲ့သူအတွက်တော့ ဘယ်လောက်ရှိသလဲ ဆိုတာပေါ်လာတယ် အဲဒီအတွက် လျှော်ကြေးငွေကိုယူရင်လည်းရတယ် မယူလည်းရတယ် ဒါကရွာသားတွေရဲ့ဆန္ဒ ကျနော်တို့က ကြားနေပဲရမရတော့ ကျနော်လည်းမပြောနိုင်ဘူးမယူလည်းရှုံးတယ် ယူလည်းရှုံးတယ် ဒါကိုတော့ကိုယ့်ဘာသာ ကိုယ်ပဲစဉ်းစားကြပါ။" လို့ ပြောပါတယ်။
ဒေသခံတွေအနေနဲ့တော့ လျှော်ကြေးလက်မခံနိုင်ကြောင်း ဆက်လက်ပြောဆိုနေကြပါတယ်။
ခိုလျှေဆိုရှေ့အဖွဲ့မှ တွဲဖက်တာဝန်ခံ ဦးရယ်က “စျေးနှုန်းအနေနဲ့ပြောလို့ယူလို့ကိုမရတာပါ ပါဖြစ်လို့လဲဆို တော့ ဧရိယာတိုင်းကတည်းက အပိုတွေတိုင်းပြီးတားဖြစ်တယ် တဖြည်းဖြည်းနဲ့ အပိုတွေပါတိုးတိုးသိမ်းလာ တယ်” လို့ ပြောပါတယ်။
၎င်းအမှတ် ၁၄ လေ့ကျင့်ရေးကျောင်းနဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေက ပြည်နယ်အဆင့် မြို့နယ်အဆင့်တွေ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
ပြည်နယ်အဆင့်မှာတော့ပြည်နယ် အစိုးရဝန်ကြီးတွေ ပါရှိတာကိုတွေ့ရပါတယ်။ မြို့နယ်အဆင့်မှာတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံလူထုတွေက ဖွဲ့စည်းထားကြပါတယ်။



