ကယား(ကရင်နီ)ပြည်နယ် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာတွင် ဆက်သွယ်ရေးဖုန်းလိုင်း မရ၍ (၁၅)သိန်းတန် skynet အင်တာနက်ဖုန်းကို ဝယ်ယူတပ် ဆင်ထားကြရသည်ဟု သိရသည်။

နန်းဖဲရွာသို့ သွားရောက်တပ်ဆင်ခဲ့သည့် လွိုင်ကော်မြို့မှ skynet အရောင်းကိုယ်စာလှယ် ကိုဘိုဘိုက မြို့တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်ရန် ဖုန်းလိုင်းမရှိသောကြောင့် ဖုန်းလိုင်းပါသော skynet အင်တာနက်လိုင်းကို ဝယ်ယူတပ်ဆင်ထားခြင်းဖြစ်သည်ဟု ကန္တာရဝတီတိုင်း(မ်)သို့ ရှင်းပြသည်။
“အင်တာနက်လည်းပါပါတယ် ဒါပေမဲ့ ဒါကိုတော့မသုံးပါဘူး သူတို့က အဓိကဖုန်းကို လုပ်တာဖြစ်ပါတယ်။ အဲဒီဘက်မှာကတော့ ကွန်ပြူတာတွေ အင်တာနက်တွေသိပ်မသုံး ကြသေးတော့ အဲဒါကိုတော့ မလုပ်ကြဘူး။ သူတို့အနေနဲ့ ဖုန်းဆက်လို့ရဖို့ကိုပဲ ဝယ်တပ်ထားကြတာပါ။” ဟု ပြောသည်။
ကယားပြည်နယ်အတွင်း skynet အင်တာနက်စလောင်းများကို တပ်ဆင်ထားသည့် မြင်ကွင်း (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်)
နန်းဖဲရွာသည် လွိုင်ကော်မြို့မှ ဘော်လခဲ ၊ ဖားဆောင်း နှင့် ထိုင်းနိုင်ငံနယ်စပ်အထိသို့ သွားသော လမ်းမဘေး တွင်တည်ရှိပြီး ကုန်တင်ကားများ ခရီးသည်တင်ကားများ ခေတ္တနားနေကြရသည့် လူစီကားသော ရွာငယ်လေး တစ်ရွာဖြစ်သည်။ စားသောက်ဆိုင် ဖွင့်လှစ်ထားသည့် ဆိုင်တစ်ဆိုင်တည်းသာလျှင် မရှိမဖြစ်လိုအပ်နေခြင်းကြောင့် ၎င်း Skynet လိုင်းကို ဝယ်ယူတပ်ဆင်ထားခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် Skynet လိုင်းကိုလည်း တခြားမြို့နယ်ဘက်သို့ လုပ်ငန်းတိုးချဲ့နိုင်ရန် လိုင်းများကို စမ်းသပ်လျက်ရှိ သည်ဟု သိရသည်။
ကိုဘိုဘိုက “အခုတလော မနားရဘူး တော်တော်လေးကိုလိုက်စမ်းနေရတယ်။ မဆိုးဘူးပေါ့ မော်ချီးစမ်းမယ်ရဖို့ သေချာပါတယ်။ ဖားဆောင်းလည်း မနေ့ညဖုန်းဆက်လို့ရတယ်။ ဘော်လခဲလည်းရနိုင်တယ်။ နန်းဖဲကတော့ ရတယ် တပ်ဆင်ထားပြီးပြီ ဖုန်းပဲပြောတာပေါ့။” ဟု ဆက်ပြောသည်။
ကျပ်နှစ်သိန်းတန် GSM ဖုန်းလိုင်းများ မြို့တိုင်းလိုလို ချပေးနေသော်လည်း ကယားပြည်နယ်အတွင်းတွင် လွိုင်ကော်မြို့နယ်တခုတည်းသာလျှင်း ဖုန်းလိုင်းရရှိသည်။
ဒီးမော့ဆိုမြို့နယ်တွင်မူ လွိုင်ကော်မြို့နှင့်နီးစပ်သည့် တချို့တနေရာတွင် လိုင်းရပြီး တခြားမြို့တွင်ဖုန်းလိုင်း များမရရှိသေးကြောင်းနှင့် အစိုးရဆက်သွယ်ရေးရုံးများတွင် IP star ကိုအသုံးပြုထားရကြောင်း ပြည်နယ်ဆက် သွယ်ရေးရုံးမှ မန်နေဂျာ ဦးတင်စိုးလွင်က ကန္တာရဝတီတိုင်း(မ်)သို့ ယခုလိုရှင်းပြသည်။
“တခြားမြို့နယ်တွေမှာ မရသေးဘူး ဖုန်းလိုင်းကတော့ နေရာတိုုင်းမရသေးဘူး ဒီးမော့ဆိုကတော့ CDMA ပဲရသေးတယ် GSM ရတဲ့နေရာကတော့ အင်တာနက်ရတာပေါ့ လွိုင်ကော် ဒီးမော့ဆိုမှာကတော့ အော်တိုအိတ်ချိန်း ဖရူဆို ၊ ဖားဆောင်း ၊ ဘော်လခဲနဲ့ ရှားတောဘက်တွေမှာကတော့ ဆက်သွယ်ရေးရုံးမှာ အိုင်ပီစတား ယူတာပေါ့ ကျန်တဲ့ မော်ချီးနဲ့ မယ်စဲ ဆက်သွယ်ရေးရုံးမှာလည်း အိုင်ပီစတားပဲ ထားပါတယ်။” ဟု ပြောသည်။
ဒီးမော့ဆိုမြို့ပေါ်တွင် GSM တိုင်ထောင်ပေးမည်ဟု သိရသော်လည်း ယခုချိန်အထိ တိုင်မထောင်ရသေးကြောင်း သိရသည်။ ဒီးမော့ဆိုမြို့အပါအဝင် ကျန်သည့် ရှားတော ၊ ဖရူဆို ၊ ဘော်လခဲ ၊ ဖားဆောင်း ၊ မယ်စဲနှင့် ရွာသစ် ၊ မော်ချီးတို့ဘက်တွင် ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲများနှင့် ကြံုတွေ့နေကြ ရသည်ဟု သိရသည်။



