ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ နာမည်ကြီး စာရေးဆရာများမှ လူငယ်နှင့် ပညာရေး ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲတရပ် ကျင်းပပြုလုပ်သွားရန် အစီအစဉ်ရှိသည် ဟုသိရသည်။
၎င်းစာပေဟောပြောပွဲကို လွိုင်ကော်မြို့ရှိ ကလျာဏမိတ္တဖောင်ဒေးရှင်းနှင့် မဇ္ဇျိမနှလုံးသား စာပေချစ်သူများအဖွဲ့တို့မှ ပူးပေါင်းပြီး ဦးစီးဆောင်ရွက်သွားမည်ဟု ဆိုသည်။
မဇ္ဇျိမနှလုံးသား စာပေချစ်သူများအဖွဲ့မှ Coordinator ကိုဝေဖြိုးအောင်က “လူငယ်တွေလည်း စာပေလည်း ရင်းနှီးလာအောင် စာဖတ်ချင် စိတ်လည်းရှိလာအောင် စာမဖတ်နိုင်တဲ့ သူတွေအတွက်လည်း အချိန်ရအောင် နောက် အချိန်ပေးပြီး နားထောင်နိုင်အောင် လုပ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဟောပြောမည့်စာရေးဆရာများက ဆရာဦးဘုန်း(ဓါတု) ၊ ဆရာဖေမြင့် ၊ ဒေါက်တာသိန်းလွင် နှင့် ဆရာကြည်မင်း တို့ဖြစ်ကြပြီး နိုဝင်ဘာလ ၂၀ ၊ ၂၁ ရက်နေ့ ညနေ ၆ နာရီမှ ည ၉ နာရီအထိ ၂ ရက်တိုင် ပြုလုပ်သွားမည် ဖြစ်သည်။
စာပေဝါသနာရှင်များအနေဖြင့် အခမဲ့ လာရောက်နားထောင်နိုင်ကြောင်း သိရပြီး အာဏာပိုင်များ၏ ခွင့်ပြုချက် ရယူရာ၌ ယခင်နှစ်ကပြုလုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲထက် ယခု စာပေဟောပြောပွဲက ပို၍အဆင်ပြေလာကြောင်း ကိုဝေဖြိုးအောင်က ပြောသည်။
“လောလောဆယ် ခွင့်ပြုမိန့်တော့ ရပြီလို့ ပြောရမှာပေါ့ အခုတော့နည်းနည်း အဆင်ပြေလာတာပေါ့ အရင်နှစ်တုန်း ကဆိုရင် အရမ်းနဲ့ကြောက်တယ် အရမ်းလည်းခက်ခဲတယ် တော်တော်လေးကို ကြိုးစားပြီး စွန့်စားပြီး လုပ်ခဲ့ရတာပါ” ဟု ပြောသည်။
ယခင်နှစ်က ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲကို မဇ္ဇျိမနှလုံးသားစာပေချစ်သူများအဖွဲ့မှ ဦးဆောင်ပြီး စာရေးဆရာမ ဂျူး ၊ ကာတွန်းဆရာ အော်ပီကျယ်နှင့် စာရေးဆရာ ကိုတာ တို့အား ဖိတ်ကြားကာ ကယားပြည်နယ်၏ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြသည်။



