ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့အတွင်း လျှပ်စစ်မီးသုံးစွဲသည့် အိမ်တိုင်းတွင် မီတာသုံးစွဲမှု ငွေကောက်ခံသည့် တောင်းခံလွှာ စာရွက်နှင့် အမှန်တကယ်သုံးစွဲသည့် မီတာယူနစ် မကိုက်ညီဘဲ ကွာဟမှုတွေနဲ့ ကြံုတွေ့နေကြရပါတယ်။
လျှပ်စစ်မီ တာယူနစ်တွေ လစဉ်ကွာဟနေသလို လျှပ်စစ်သုံးစွဲမှု တောင်းခံလွှာတွေ အချိန်မီ မရောက်ခဲ့ဘူး လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ ထို့အပြင် သတ်မှတ်ထားတဲ့ ရက်စွဲကျော်လွန်လျှင်လည်း ဒဏ်ငွေပေးဆောင်ရမှာကို စိုးရိမ်နေရကြတယ်လို့လည်း သိရပါတယ်။
ငွေတောင်းခံလွှာစာရွက်အတွင်းမှာ သုံးစွဲမှုယူနစ်တွေက မကြာခဏဆိုသလို ကွာဟနေတာကြောင့် လျှပ်စစ်ဓာတ်အားရုံးမှာ မီးသုံးစွဲတဲ့ ဒေသခံတွေ လာရောက်စောင့်ဆိုင်းနေကြလို့ မြို့နယ် လျှပ်စစ်ရုံးမှာ ပြည့်ကြပ်နေကြောင်း စည်ပင်သာယာ ရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦးက ယခုလိုပြောပါတယ်။
“မီတာခက အရင်လတွေမှာ ယူနစ်တွေက နည်းနည်းလေးတွေ ဖြည့်ထားတာ နောက်ကြာလာတော့ ကြည့်တဲ့အခါတော့ ယူနစ်တွေက အဆမတန်ကွာနေတော့ ငွေပေးရတဲ့အခါ တပြိုင်နက်တည်း သောင်းနဲ့ချီပြီး ပေးရတာ မလွဲဘူး။ အဲလိုထပ်ဖြစ်မှာစိုးလို့ မီတာခ သွားပေးတိုင်း ပြန်ပြန်ပြင်ထားခိုင်း ရတယ်” လို့ ပြောပါတယ်။
ငွေပေးသွင်းရမည့် ငွေသင့်တောင်းခံလွှာမှာလည်း သတ်မှတ်ထားတဲ့ ရက်စွဲထက် နောက်ကျမှ ရောက်ရှိလာတဲ့အတွက်လည်း ငွေသွား သွင်းတဲ့အချိန်တွင် ရက်လွန်ကြေး ဒဏ်ငွေပေးဆောင်ရလို့ ငွေကြေးအခက်အခဲ ကြံုတွေ့နေကြရတာလည်း ရှိနေပါတယ်။
လျှပ်စစ်ရုံးရှေ့ မီတာခပေးဆောင်ဖို့ ဒဏ်ငွေမပြည့်သေးသဖြင့် ပြန်လှည့်ထွက်လာခဲ့ရတဲ့ သဲတူးလုပ်ငန်း လုပ်ကိုင်သူ ဦးလေးတဦးက သူ့ရဲ့ အခက်အခဲနဲ့ ပတ်သက်လို့
“ဘောင်ချာစာရွက်က ရောက် လာတဲ့နေ့ ကလည်း တရက် နောက်ကျနေ တယ်။ သွားဆောင်မလို့ အဲဒါ ပိုက််ဆံက မပြည့်သေးဘူး။ မနက်ဖြန်မှ ငွေကရမှာ ဆိုတော့ မနက်ဖြန် သွားဆောင်တာ နောက် တရက် နောက်ကျ သွားပြန်တယ်။ ဒဏ်ငွေက နှစ်ထောင် ထပ်တောင်းတော့ ပိုက်ဆံက မလောက်ပြန်ဘူး။ ဘယ်လိုမှ တောင်းပန် လို့မရဘူး။ အဲဒါနဲ့ သူများတွေဆီ ပြန် သွားချေး အုံးမလို့ပါ” လို့ ပြောပါတယ်။
မီတာခပေးဆောင်ဖို့ သတ်မှတ်ထားတဲ့ ရက်ထက်ကျော်လွန်ပါက ဒဏ်ငွေအနေနဲ့ ၁ ရက်ကို ကျပ် ၁၀၀၀ သတ်မှတ်ထားပြီး လစဉ်ငွေကိုဘဏ်သို့ အချိန်မှီ ပေးသွင်းနိုင်ရန် ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့ လျှပ်စစ်ဌာနမှ ဝန်ထမ်းက ပြောဆိုခဲ့ပါတယ်။



