ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နည်းပညာတွေ မြင့်တင် နိုင်ဖို့ ဂျပန်နိုင်ငံက စေတနာ့ဝန်ထမ်း အသင်းအဖွဲ့တခုဖြစ်တဲ့ NICE အဖွဲ့ က တောင်သူတွေနဲ့ အတူတကွ လုပ်အားပေးရင်း လာရောက်လေ့လာသွား ကြတယ်လို့သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေသခံလူမှုအသင်းအဖွဲ့ဖြစ်တဲ့ ကေ့ထျိုးဘိုးလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဝန်ထမ်းတဦးက “ ဂျပန်ကနေကြီးမှူးတဲ့ အဖွဲ့က အဓိကကတော့ စေတနာ့ဝန်ထမ်းအနေနဲ့ လာပြီး ဒီကတောင်သူလယ်သမား တွေရဲ့အလုပ်ကို လာလုပ်ကူတာပါ။ သူတို့က မြေပဲတွေ ခြွေတဲ့အချိန်ဆို ခြွေကူတယ်။ လေ့လာသင်ယူရင်း ပါဝင်ကူညီကြတာဖြစ်တယ်။” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းက တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေကို စိတ်ဝင်စား တာကြောင့် နို၀င်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့ ကေ့ထျိုးဘိုးဝင်းအတွင်းမှာ စိုက်ပျိုးထားတဲ့ ဘုံပိုင်စိုက်ပျိုး ရေးခြံကို လာရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။
ကေ့ထျိုးဘိုးလူမှုဖွံ့ဖြိုးရေးဌာနမှ အဖွဲ့ဝင်တစ်ဦးက “နိုင်ငံတကာပြည်တွင်းပြည်ပဖြစ်စေ အဖွဲ့အစည်း အသစ်တခုလာတိုင်း နည်းပညာအသစ်တွေကိုယူလာကြတယ်။ စမ်းသပ်ကြတယ် ။ စိုက်ပျိုးကြတယ်။ ဒါကိုအားမပေးချင်တဲ့သဘောအနေနဲ့ Local Empowerment ကိုဦးစားပေးတဲ့လုပ်ငန်းကိုပဲ အဓိကဖြစ် စေချင်တာပါ။ လက်ရှိလုပ်ငန်းမှာ ကျနော်တို့တတ်ထားတဲ့ ပညာအဲဒါကို မြင့်တင်ပေးတဲ့ သဘောပါ။ ” လို့ ပြောပါတယ်။
ဂျပန်နိုင်ငံမှ စေတနာ့ဝန်ထမ်းအဖွဲ့တွေထဲမှ ဂျပန်နိုင်ငံသား ၅ ဦး၊ ဟောင်ကောင်နိုင်ငံသား ၁ ဦးနဲ့ မြန်မာ ၁ ဦးစုစုပေါင်း ရ ဦးကနေပြီး ဒေသခံတောင် သူလုပ်ငန်းတွေကို လုပ်အားပေးအနေဖြင့် လာရောက်ကူညီခဲ့ ကြတယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ဆိုဘောသဲရွာ၊ လောစီရွာတွေ ဘက်က တောင်သူလယ်သမားတွေ နဲ့လည်း တောင် ယာစိုက်ခင်းတွေမှာ လုပ်အားအဖြင့် ကူညီဆောင် ရွက်ခဲ့ကြတယ် လို့သိရပါတယ်။



