ဒေါတဒါးဒေသ ဆန်စပါး တိုးစိုက်နိုင်တော့မည်

ဒေါတဒါးဒေသ ဆန်စပါး တိုးစိုက်နိုင်တော့မည်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါတဒါးကျေးရွာအနီးရှိ ဒေါတဒါးရေလှောင် တမံကို ပြန်လည်ပြုပြင် ပြီးစီးနိုင်ခဲ့တာကြောင့် ဆန်စပါးကို ယခင်ကထက် တိုးချဲ့စိုက်ပျိုးနိုင်တော့မယ်လို့  သိရပါတယ်။

ဒေါတဒါးရေလှောင်တမံ ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ် (ဓါတ်ပုံ-ကေတီ)
ပြည်နယ် ဆည်းမြောင်း ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူး ဦးအောင်မြင့်က "ဒီဆည်က လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ကတည်းက ဆောက်ခဲ့တဲ့ ဆည်ကော အဲဒါက နစ်ကာလ ကြာလာတော့ ဆည်က ပျက်စီးလာတယ် ရေကိုလဲ ကောင်းကောင်း မသွန်နိုင်ဘူး သူသတ်မှတ်တဲ့ ဧရိယာလဲ စိုက်ပျိုးရေး မပေးနိုင်တဲ့အတွက်ကြောင့် ဒီဆည်ကို ပြန်လည်ပြုပြင် တည်ဆောက်တာဖြစ်ပါတယ်" လို့ ကန္တာရဝတီတိုင်းကို ပြောပါတယ်။

ဒေါတဒါးရေလှောင်တမံ မပြုပြင်မှီအချိန်က လယ်မြေဧက ၂၅၀ အတွက် လုံလောက်တဲ့ ရေကို မပေးနိုင်ခဲ့ပေမယ့် အခုဆိုရင် လယ်ဧကပေါင်း ၄၀၀ ကျော်အပြင် နွေစပါး ဧက (၅၀) အတွက် ရေရရှိတော့မှာ ဖြစ်တယ်လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ရေလှောင်တမံ ဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြပြီး ဒေသခံလူထုများ၊ ပြည်နယ်အစိုးရ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီအဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် ကယားပြည်နယ်မှ NLD အဖွဲ့ဝင်များဖြင့် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေလှောင်တမံကို ၁၉၇၀ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး တာတမံတွေ ပျက်စီးနေတာကြောင့် ယခုနှစ် မတ်လမှာ စတင်ပြုပြကင်ခဲ့ရာ သြဂုတ်လ ၂၁ ရက်နေ့က ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

၎င်းရေလှောင်တမံကို အနောက်ဥရောပနိုင်ငံများရဲ့ ရံပုံငွေထောက်ပံ့မှုနဲ့ Care Myanmar အဖွဲ့ကကူညီခဲ့တာဖြစဟ်ပါတယ်။ ကယားပြည်နယ် ဒေသဆိုင်ရာ CARE Myanmar  ရုံး မှ ညှိနိုင်းရေးမှူး နန်းမြသိင်္ဂစိုးက ဒေါတဒါး ရေလှောင်တမံ ပြုပြင်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်)ကို အခုလို ရှင်းပြပါတယ်။

"အဓိက ရည်ရွယ်ချက်ကတော့ နှကိုယ်မူလ ရှိပြီးသာ ဆည်ကို ထပ်မံ စိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေ ရှိတယ်။ ဒါပေမဲ့လို့ စိုက်ပျိုးရေး အခက်ခဲရှိလို့ မစိုက်ပျိုးတဲ့ လယ်ဧကတွေရှိနေတဲ့ အတွက် ပိုပြီးတော့ တိုးချဲ့ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျမတို့က နောက် နွေသီးနှံပေါ့နော် ကျမတို့ မိုးရာသီမှာ စိုက်တဲ့ သီးနှံတွေ မကဘူး ဆောင်းသီးနှံနဲ့သူတို့ အတွက် ဝင်ငွေတိုးမဲ့ တခြားနွေစပါးတို့ ပြန်ပြီးစိုက်ပျိုးနိုင်ဖို့အတွက်ကိုပါ ကျမတို့ ရည်ရွယ်ပြီးလုပ်ဆောင်တာပါ "

ဒေါတဒါး ဆည်ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌ ဦးအားကာက လယ်ဧကတွေအားလုံးအတွက် တနှစ်ပတ်လုံး စိုက်ပျိုး ရေလုံလောက်စွာ ရနိုင်တဲ့အတွက် ကောင်းကျိုးကို ဖြစ်စေပေမယ့် တဖက်မှာ ကျွဲ ၊ နွား တိရစ္ဆာန်တွေက သီးနှံတွေကို ဖျက်ဆီးနိုင်တာကြောင့် ဒေသခံတောင်သူတွေအတွက် အခက်အခဲ အနည်းငယ် ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

"ခက်တာက သူတို့ဒီက ကျွဲ နွား ကို ဆယ်နစ်ရာသီ မထိန်းကျောင်းတော့ နွေ၊ ဆောင်းတို့ကို စိုက်မယ်ဆိုရင် နည်းနည်းလေး အခက်ခဲ ရှိမယ်။ ခေတ်ရေစီးကြောင်းအလိုက် ဟိုတုန်းကလိုမိရိုးဖလာ အတိုင်းပဲ မိုးသီးနှံကိုပဲ စိုက်တော့ ဒို့လူဦးရေးက တဖြည်းဖြည်းနဲ့တိုးလာနေပြီ လယ်ဧကတော့ ဒီလောက်ပဲရှိတယ် ဒီလယ်ဧကနဲ့ တစ်နှစ်ကို နစ်ခါ စိုက်နိုင်ရင်တော့ ဒို့ရွာအတွက် ဝမ်းစာရေးအတွက် ပို့ပြီးတော့ ဖူလုံနိုင်မယ်လို့တော့ထင်တယ်"

Care Myanmar အဖွဲ့နှင့် ဆည်မြောင်းဦးစီးဌာန တို့ ပူပေါင်းပြီး ရေလှောင်တမံတွေကို ပြုပြင်ပေးနေတာ အခု သုံးခုမြောက်ရှိပြီလို့ သိရပါတယ်။ တနီးလာလဲဆည်၊ ဒေါတငူးဆည်နှင့် ဒေါတဒါးဆည်တို့ ဖြစ်ပါတယ်။