ကရင်နီ(ကယား) ပြည်နယ်အတွင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ စီးပွားရေးလုပ်ကိုင်ရန် လျှောက်ထားရာ လုပ်ပိုင်ခွင့် ကျပြီဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီ ၂ ခုအတွက် တရားဝင်မှတ်ပုံတင် ရရှိထားပြီးဖြစ်တယ်လို့ လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူဒယ်နီယာယ်က “KNPP အနေနဲ့ ဘာမဆို စီးပွားရေးလုပ်ရင် တရားဝင်လုပ်ဖို့ စဉ်းစားထားတယ်။ တခုက ကယားဌာနေ ကုမ္ပဏီ အဲဒီအောက်မှာ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ထုတ်လုပ်မှုအတွက် နောက်တမောထျာ ဆိုတာ ရှိပါတယ်။ အဲဒါက ထုတ်ကုန် သွင်းကုန်လုပ်ဖို့ အစီအစဉ်ရှိတယ်” လို့ ပြောပါတယ်။
သို့သော် ကယားဌာနေနဲ့ တမောထျာ ကုမ္ပဏီ နှစ်ခုအတွက် မှတ်ပုံတင်ရရှိထားတာ နှစ်လပြည့်ပြီ ဖြစ်သော်လည်း လုပ်ငန်း စတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ လုပ်ငန်းလိုင်စင် လျှောက်ထားဆဲဖြစ်တယ်လို့ သိရပြီး မော်ချီး သတ္တုတွင်းနဲ့ သံလွင်အရှေ့ခြမ်းမှ သစ်ဟောင်းများ ထုတ်လုပ်မယ်လို့ ခူဒယ်နီယာက ပြောပါတယ်။
ခူဒယ်နီယာက “ရည်ရွယ်ထားတာကတော့ လက်ရှိသတ္တု မော်ချီးခဲ လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။ အဲဒါလျှောက်ထား တာပေါ့လေး မော်ချီးမှာ ထုတ်ကုန်တခု နောက်ပြီးတော့ သံလွင်အရှေ့ဘက်မှာ အရင်က သစ်ဟောင်းတွေထုတ်ဖို့ အစီအစဉ်ရှိထားတယ်။ ဒါကလည်း လျှောက်ထားတယ် ရတယ်မရဘူးဆိုတာ အတိအကျပြောလို့ မရသေးဘူး” လို့ ဆက်ပြောပါတယ်။
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရတို့ သဘောတူညီထားချက်အရ ၁၉၉၅-၉၆ ခုနှစ်က ကရင်နီ(ကယား)ပြည်နယ်အတွင်းက ကုမ္ပဏီတွေ နောကတဆုံး ခုတ်လှဲထားတဲ့ သံလွင်မြစ် အရှေ့ဖက်ခြမ်းက ကျန်နေခဲ့တဲ့ သစ်တွေကို ပြန်လည်ထုတ်ယူမည်လို့ သိရပါတယ်။
သံလွင်မြစ် အရှေ့ဘက်မှာရှိတဲ့ သစ်တွေကို မြန်မာအစိုးရ ကုမ္ပဏီတွေက ၁၉၈၇ ခုနှစ် ကစလို့ ၁၉၉၆ ခုနှစ်အထိထုတ်ယူခဲ့တာ ဖြစ်ပါတယ်။ KNPP အနေနဲ့ စီးပွားရေးအကျိုး အမြတ်တွေကို လူထုနဲ့ အဖွဲ့အစည်း တဝက်စီ သတ်မှတ်ထားတဲ့ ပေါ်လစီတွေ ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ အဲဒီပေါ်လစီတွေ အတည်ပြုပြီးရင် ပြည်သူတွေကို ချပြပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။



