လွိုင်ကော်မြို့ သီရိမင်္ဂလာစျေး အတွင်းတွင် စျေးဆိုင်ခန်းများရှေ့၌ ကုန်ပစ္စည်းများတင်ရောင်း ရန်အတွက်ချထားတဲ့ စားပွဲများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လာရောက်သိမ်းဆည်းနေ ကြောင်း သိရပါတယ်။
စည်ပင်သာယာအဖွဲ ့မှ စျေးသည်များကို ခုံတလုံးလျှင် ကျပ်ငွေ သုံးထောင်ဖြင့် ပြန်လာရွေးခိုင်းတယ် လို့ သီရိမင်္ဂလာစျေးမှ စျေးသည်အမျိုးသမီးတဦးက ပြောပါတယ်။
၎င်းက “ကိုယ့်ရဲ့မြောင်းဧရိယာအတွင်းမှာ စည်ပင်ခွန်ဆောင်ထားတဲ့အတွက် နေ့ခင်းဆိုဒီခုံတွေနဲ့ ပစ္စည်းတင်ရောင်းတယ်။ ညဆိုပစ္စည်းသိမ်းတယ်။ ဒါပေမယ့် အဲဒီခုံကို သူတို့က အဓမ္မသိမ်း ဆည်းပြီးတော့ ညဆယ် နာရီလောက်မှာ သိမ်းတယ်။ အဲဒီမှာ အမှုဆောင် အရာရှိအဖွဲ့တို့ကနေပြီး အလုပ် သမားတွေကို ခေါ်ပြီးခိုင်းတယ်။ ဒီဆိုင်ကခုံတွေမ ဟိုဘက်ဆိုင်ကခုံကိုမနဲ့ဆိုပြီးအဲလိုတွေပြော ပြီးမှ တတန်းလုံးသိမ်းပြီးမှ မနက်ခင်းဆိုရင် သူတို့ မ သွားခက ၁ ထောင်ကျပ်ကြတယ်။ ကိုယ့်အိမ်ကို ပြန်သယ်ခက ၁ ထောင်ကျပ်ကြ တယ်။ အလုပ်သမားခက ၁ ထောင်ကျပ်ကြတယ်။ အိမ်ကိုပဲ သယ်ပြန်ရတယ်။ ဒီဆိုင်ရှေ့မှာ လုံးဝချထား ခွင့်မရှိဘူး” လို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ဆိုင်ရှေ့မှ ပစ္စည်းတင်ခုံတွေ သိမ်းယူခြင်းကိစ္စနဲ့ပတ်သက်ပြီး စျေးသည်တွေ မကျေမနပ်ဖြစ်နေ ကြသဖြင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်ထံ စာရေး တင်ပြထားကြတယ်လို့ ပြောပါတယ်။
စျေးသည်တဦးဖြစ်တဲ့ ဒေါ်စန္ဒဝင်းက "အမိန့်ကြော်ငြာစာကို ၁၁ ရက်မှ ၁၄ ရက်နေ့အထိဆိုတဲ့ ပုံစံမျိုးနဲ့ ၁၉ ရက်နေ့မှာ အမိန့်ကြော်ငြာစာကို ဒီနားက မီတာဘောင်ပေါ်မှာ လာကပ်တယ်။ အဲဒီအချိန်မှာစျေးသူစျေးသား တွေက အပေါ်ကိုသွားတိုင်တဲ့အခါမှ အမိန့်ကြော်ငြာစာ အမှတ် ၂၆ အပိုင်း ၅ ဆိုပြီး စည်းကမ်းအရ အမိန့်ကြော်ငြာစာကိုပဲ ထုတ်နိုင်တယ်။ ၂၀၁၁၊ ၂၀၁၂ စည်ပင် ဥပဒေဆိုတာ မထွက် လာနိုင်တာ ကယားပြည်နယ်တခုပဲ ကျန်ပါတော့တယ်။ တခြားပြည်နယ်တွေမှာက အကုန်ထွက်ပြီး ပါပြီ" လို့ ပြောပါတယ်။
မြို့နယ်စည်ပင် အဖွဲ့က စျေး မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ဖို့အတွက် စျေးသည်တွေရဲ့ စာပွဲခုံတွေကို သိမ်းယူရခြင်းဖြစ်တယ်လို့ ပြန်လည်ထုတ်ပြန် ပြောဆိုထားပါတယ်။
စျေးသည် ဒေါ်ချိုက "ကျမတို့က အဓိက အစားသောက်တွေ ဖြစ်တဲ့ ကြက်သွန် မုန် ့ညှင်းချဉ် တွေ ရောင်းတော့ ဘယ်လို့မှ အောက်ချရောင်းလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကျမတို့ကို အမိုးလေးရယ် အခင်းလေးနဲ့ခုံလေးတွေကို ပြန်ချ ရောင်းခွင့်ပြုပါလို့ ပြောချင်ပါတယ်။ နှစ်စဉ် နှစ်တိုင်းပေါ့နော် ဒီလိုမျိုးတခါမှလည်း မကြံုဖူးပါဘူး။ ဘယ်လူကြီးကမှလည်း ဒီလိုမျိုး ခုံတွေကို သိမ်းတာလည်း မရှိဖူးပါဘူး" လို့ ပြောပါတယ်။
လက်ရှိ လွိုင်ကော်မြို့တွင် ယာဉ်မောင်းလိုင်စင် စစ်ဆေးမှုများပြုလုပ်နေသဖြင့် ကျေးလက်နေ ပြည်သူတွေက မြို့ဘက်ကို အလာနည်းကြတဲ့အတွက် စျေးမရောင်းရပဲ ပြုတ်သွားတာလည်း တချို့ရှိနေသလို ယခုလို စျေးသည်တွေကို ယခုလိုထပ်မံလုပ်ဆောင်လာနေတဲ့ အတွက်ကြောင့်လည်း စျေးရောင်းပြီး အသက်မွေး ဝမ်းကျောင်းပြုနေကြတဲ့ ဒေသခံစျေးသည်တွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ သိရပါတယ်။



