ကရင်နီ ဒေသရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ဘိန်းစိုက်ခင်း တိုက်ဖျက်ဖို့ အစီအစဉ်ရှိ

ကရင်နီ ဒေသရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ဘိန်းစိုက်ခင်း တိုက်ဖျက်ဖို့ အစီအစဉ်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီ(ကယား)ပြည်နယ်အတွင်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေကနေပြီး ဘိန်းစိုက်ခင်းတွေကို လိုက်လံ တိုက်ဖျက်နှိမ်နှင်းဖို့ အစီအစဉ်ရှိတယ်လို့ ၀န်ထမ်း အသိုင်းအဝိုင်းက ပြောဆိုသည်။

ဖရူဆိုမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းတဦးက “ဝန်ထမ်းတွေအားလုံးကို ဘိန်းစိုက်ခင်းတွေရှိတဲ့ နေရာတွေဘက် ဆီကို သွားရမယ်လို့ ပြောတယ်။ ဝန်ထမ်းတွေကို ဖျက်ခိုင်းမယ်လို့ အထက်က လူကြီးတွေက ပြောပါတယ်။ ဘယ်အချိန်လဲ ဆိုတာတော သေချာမသိသေးပါဘူး။ ဒီးမောဆိုမြို့ရဲ့ အနောက်ဘက်နဲ့ ဖရူဆိုမြို့အနောက် ဘက်သွားရမယ်” လို့ ပြောပါတယ်။  

ဒီးမောဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်မှ မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာ၊ အုပ်ချုပ်ရေးမှူးဌာန၊ ရဲတပ်ဖွဲ့နဲ့ တခြားသော ဝန်ထမ်းတွေအနေနဲ့ ဘိန်းစိုက်ပျိုးထားတဲ့ ဒေသတွေဆီ သွားရောက်ပြီး တိုက်ဖျက်ဖို့ ပြည်နယ်အစိုးရကနေ မှာကြားထားတယ်လို့လည်း သိရပါတယ်။

ယမန်နှစ်က ၎င်းဒေသဘက်ကို သွားရောက်လေ့လာခဲ့တဲ့ ဝန်ထမ်းတဦးက “အရင်နှစ်ကလည်း အဲဒီဒေသ ဘက်ကို ရောက်သွားသေးတယ် ရွာသားတွေက လုံးဝကို ဝန်ထမ်းတွေကို ဂရုမစိုက်ဘူး။ မသိမသာပဲ သူ့ဟာသူ နေနေတယ်” လို့ ပြောပါတယ်။

စျေးသည်အမျိုးသားတဦးက “ဘိန်းခင်းတွေက လမ်းဘေးမှာ တန်းစီနေတာ တွေ့ရတယ်။ ကြည့်လိုက်ရင် အားလုံး မြင်နေရတာပါဘဲ။ အဲဒီမှာလည်း အာဏာပိုင် အဖွဲ့အစည်းတွေရှိတယ်။ ရဲတွေလည်းရှိတာပဲ စိုက်ထားပုံကတော့ တရားဝင်လိုပုံစံ ဖြစ်နေတယ်” လို့ပြောပါတယ်။

၎င်းစျေးသည်က ပီကင်း စျေးပတ်ကားနဲ့အတူ ကားပေါ်မှမြင်တွေ့ခဲ့ရတဲ့  လမ်းဘေးဘယ်ညာက ဘိန်းစိုက်ခင်းကို တွေ့မြင်ခဲ့ရပုံကို ကန္တာရဝတီတိုင်း(မ်)သို့ ပြန်လည်ပြောဆို သွားခြင်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ တပြည်နယ်လုံး မူးယစ်ဆေးဝါးကင်းစင်ဖို့ မူးယစ်ဆေးဝါး လုံးဝပပျောက်ရေး စီမံကိန်းကို ပြည်နယ်အစိုးရ ကနေပြီး ပြုလုပ်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။