ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း တည်ဆောက်မည့် ဘိလပ်မြေ စက်ရုံစီမံကိန်းအတွက် လူထုရဲ့ဆန္ဒမဲခံယူပွဲ ကျင်းပပြုလုပ်ရာတွင် ထောက်ခံမဲပိုများခဲ့တယ်လို့ လူမှုရေးဝန်ကြီး ဦးကိုးရယ်က ပြောပါတယ်။
"ဘိလပ်မြေစီမံကိန်းကတော့ မနေ့က လူထုဆန္ဒခံယူတယ် လုပ်သင့်မလုပ်သင့်ဆိုတာတွေကို လူတွေက ကန့်ကွက်တဲ့အခါကျတော့ ဒီမိုကရေစီကျကျပေါ့ ဒီမိုကရေစီနည်းလမ်းအတိုင်း လူထုဆန္ဒခံယူ တယ်လေး ထောက်ခံမှုကတော့ များပါတယ်။ ဘိလပ်မြေစက်ရုံတည်ဖို့ ထောက်ခံတာပေါ့။ ထောက်ခံမဲတော့ ၆၀ % ရှိတယ် ကန့်ကွက်မဲက ၂၄ % လောက်ရှိပါတယ်။ ကျေးရွာနဲ့ မြို့နယ်ကော်မရှင်ဖွဲ့ပြီး သူတို့ကနေပဲ ဦးဆောင်ပြီး လုပ်ထားခိုင်းတာ။ ရာထားတာကတော့ ပကျဲစံပြပေါ့ ဒါပေမယ့်တော့ ဘယ်နေရာမှာ စက်ရုံတည်မလဲ ဆိုတာကတော့ စက်မှုဝန်ကြီးပဲ သိလိမ့်မယ်" လို့ ပြောပါတယ်။
လူထုဆန္ဒခံယူပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့ လွိုင်ကော်မြို့နယ် ချီကယ်ကျေးရွာ ကေးထျိုးဘိုးခန်းမ ဆောင်မှာ ကျင်းပသွားတာဖြစ်ပါတယ်။
စက်ရုံတည်ဆောက်မည့် စီမံကိန်းနေရာကို ဒေါမူကလားရွာအရှေ့ဘက်၊ တောင်သုံးလုံးမြောက်ဘက်မှာလုပ်ဖို့ စီစဉ်ထားတာကြားရတယ်လို့ ထျေးသမရွာမှ ဒေသခံတဦးက ပြောပါတယ်။
ထျေးသမရွာမှ ဒေသခံ အမျိုးသားတဦးကလည်း “တအိမ်ထောင်စုတဦးဆိုပြီး မဲသွားထည့်ပြီးပြန်သွားတာပဲ။ ဆောက်ဖြစ်မယ်ထင်တယ်။ ထောက်ခံတဲ့သူတွေ များတယ်လို့ကြားတယ်။ ရွာမှာတော့ လယ်ယာမြေပါတဲ့သူ နည်းနည်းပါးပါးတော့ရှိတယ်” လို့ ပြောပါတယ်။
လူထုဆန္ဒခံယူပွဲ ပြုလုပ်တဲ့အချိန်မှာ လူထုအများစုက စက်ရုံတည်ဆောက်မည့်မြေ နေရာပါသွားတဲ့သူတွေ မဟုတ်တဲ့အတွက်ကြောင့် တိတိကျကျဖော်ပြပြီး လယ်ယာမြေပါသွားတဲ့သူတွေရဲ့ ဆန္ဒသဘောထားကို ပြန်လည်ကောက်ယူသင့်တယ်လို့ ဒေသတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုက်ဆောင်နေသည့် ကယားမြေသက်သေအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
ကယားမြေသက်သေအဖွဲ့မှ တွဲဘက်အတွင်းရေးမှုး ခူးဖရေးရယ်က "အခု မဲလာထည့်တဲ့ လူတွေက တောင်ယာမြေယာတွေ မပါတဲ့လူတွေကများနေတယ်. အဲဒီအတွက်ကြောင့် အခု သူတို့ စက်ရုံတည်ဆောက် မယ့် နေရာတွေက ဘယ်လောက်ကျယ်မလဲ ဘယ်အထိ ယူမလဲဆိုတာ သေချာ တိုင်းတားပြီးတော့ အဲဒီ လယ်ယာမြေ ခြံကွက်တွေ ပါသွားတဲ့ မြေပိုင်ရှင်တွေ တကယ်သူတို့ရဲ့ ဆန္ဒသဘောထားကိုမဲပြန်ထည့် ခိုင်းပေးပါလို့ ဝန်းကြီးချုပ်ကို တောင်းဆိုထားတယ်” လို့ ပြောပါတယ်။
ပြည်နယ် မြေစာရင်းဌာနမှ ဦးစီးမှူး ဦးအောင်ဆွေက "ရာထားမည့်နေရာကမြေဧက သောင်းဂဏန်းမရှိဘူး အရင်ကဝင်တိုင်းထားတာကတော့ ထောင်ဂဏန်းရှိပါတယ်။ ကျနော်တို့အဲဒါကို ဝင်တိုင်းတယ် လုပ်ငန်းတွေက မပြီးသေးဘူး မပြီးမပြတ်ဘူး အဲဒီတော့ ကျနော်တို့မှာ ဧရိယာအသေအချာ မထွက်သေးဘူး" လို့ ပြောပါတယ်။
နိးကိုး၊ ဒေါကလိုးခူ၊ ဒေါတချ၊ ၃ရွာက ထောက်ခံတယ်. မထောက်ခံတဲ့ ၃ရွာက ဖာတိမာ၊ ဒေါတချ ကယားရွာ၊ ဒေါမူကလား ရွာ၊ ရာခိုင်းနှုန်းမပြည့်တဲ့ ကျေးရွာတွေက ထျေးတမ၊ ဒေါဆိုဘီး လွယ်တမူ ဖြစ်တယ်။



