ချင်းပြည်နယ် အပါအဝင် ပြည်နယ် ၅ ခု၏ ဒေသဖွံ ့ဖြိုးရေးအတွက် UN က ကူညီမည်

ချင်းပြည်နယ် အပါအဝင် ပြည်နယ် ၅ ခု၏ ဒေသဖွံ ့ဖြိုးရေးအတွက် UN က ကူညီမည်
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများ အနက် ချင်းပြည်နယ်အပါအဝင် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ် ဒေသဖွံ ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင် နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ (UN) က ကူညီ သွားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ ့တို ့ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ ့ဆုံစဉ် ယင်းကိစ္စ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ယနေ ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။

ထို ့နောက် ၀န်ကြီးသည် ပြင်သစ်သံအမတ်ကြီး Mr. Thiery Mathou နှင့်တွေ ့ဆုံရာတွင် ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ဒေသဖွံ ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် “၀”ဒေသ အခြေခံ ကျမ်းမာရေးအခြေအနေ၊ ရခိုင်ပြည်နယ် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေးအခြေအနေ၊ ကရင်ပြည်နယ် နေရာပြန်လည်ချထားရေးနှင့် ကျေးလက်ဒေသဖွံ ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း အဆိုပါ သတင်းတွင်ဖေါ်ပြ ထားသည်။

သို ့သော် ငွေရေးကြေးရေးမည်၍မည်မျှကူညီမည်ကိုမူ အစိုးရသတင်းစာက ဖေါ်ပြထားခြင်း မရှိသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါပြည်နယ် များအတွက် အမေရိကန် ဒေါ်လာ ၁၄၄ သန်းကူညီမည်ဖြစ် ကြောင်း တနင်္လာနေ ့ထုတ် မဇ္ဈိမသတင်းတွင် ဖေါ်ပြပါရှိသည်။

သက်ဆိုင်ရာတာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ပြီးနောက် ကူညီရေးအစီအစဉ်များ စတင်မည်ဖြစ်ကြောင်းနှင့် ယခုနှစ် ဒီဇင်ဘာလမှစ၍ အကောင်အထည်ဖေါ်ဆောင်ရွက်သွားဘွယ်ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ စစ်တမ်း ကောက်ယူချက်အရ ချင်းပြည် နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်း ၁၄ ခုအနက် ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် အဆင်းရဲဆုံး ပြည်နယ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၁ ခုနှစ်က ချင်းပြည် နယ်အတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) မှ ကျပ်ငွေ သန်း ၉၉၀၀ ခန့် ကိုလည်းကောင်း၊ အိန္ဒိယအစိုးရ က အမေရိကန်ဒေါ်လာ ၆ သန်းကို လည်းကောင်း ထုတ်ချေးခဲ့သည်ဟု သိရသော်လည်း ယခုအထိ မည်သည့် ဖွံ ့ဖြိုးရေးလုပ်ငန်း များတွင် အသုံးပြုနေသည်ကို အစိုးရက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

Most read this week